စပါးအခြောက်ခံ သိုလှောင်ရာတွင် ဂရုပြုသင့်သည့်အချက်များ
အခြောက်ခံခြင်း
-------------
▪️ ခြွေလှေ့ပြီးသော စပါးများကို မိုးကာ(သို့မဟုတ်) ပလတ်စတစ်စပေါ် ဖြန့်ခင်းပြီး နေပူထဲ၌ အခြောက်လှန်းနိုင်သည်။
▪️ စပါးအခြောက်လှန်းသည့်အခါ နာရီဝက်တစ်ခါ အထက်အောက်လှန်ပေးရမည်။
▪️ စပါးကို ဖြေးဖြေးခြင်းအခြောက်ခံပါက စပါးကြိတ်သည့်အခါ ကျိုးပဲ့ပျက်စီးမှုနှုန်းလျှော့နည်းစေပါတယ်။ မြန်မြန်အခြောက်ခံခြင်းသည် စပါးကြိတ်သည့်အချိန်တွင် ကျိုးပဲ့ပျက်စီးမှုကို ပိုများစေပါတယ်။
▪️ နေရောင်ခြည်ဖြင့် (၂-၃) ရက်ခန့်အခြောက်ခံခြင်းသည် အကောင်းဆုံးဖြစ်သည်။
သန့်စင်ခြင်း
----------
▪️ စပါးကို ဖုန်၊ သဲ၊ အမှိုက်၊ အဖျင်း အမှော်၊ တခြားသော အစေ့အဆန်များ ရောပါ မလာအောင် ခြွေလှေ့၍ အခြောက်ခုံပြီးသည့်အခါ သေချာသန့်စင်ဖို့ လိုအပ်ပါသည်။
▪️ စပါးကို ဆန်စက်ထဲကိုထည့်ကြိတ်သည့်အခါ အဖျင်းအမှော် နှင့် ဖုန်၊ သဲ၊ ခဲ များရောပါနေမယ်ဆိုရင် စပါး၏ အလေးချိန်ကိုသာတိုးစေပြီး သန့်စင်သည့်ဆန်ကိုရရှိမည်မဟုတ်နိုင်ပါ။ စားသုံးဖို့ရည်ရွယ်ပြီး ကြိတ်သည့်စပါးကို သေချာခြောက်သွေ့ပြီး သန့်စင်မှသာလျှင် အရည်အသွေးကောင်းတဲ့ဆန်ကိုရရှိမှာဖြစ်ပါသည်။
▪️ သန့်စင်မှုမရှိတဲ့စပါး၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲများပါသည့်စပါးကို ဆန်အဖြစ်ကြိတ်ခွဲဖို့အတွက် မရွေးချယ်သင့်ပါ။
ချိန်တွယ်ခြင်း
-----------
ချိန်တွယ်ခြင်းတွင် စပါးမကြိတ်ခင်အဆင့်တွင် ချိန်ခြင်းနှင့် ကြိတ်ပြီးနောက် ဆန်တင်းအရေအတွက် ဘယ်လောက်ရရှိနိုင်မလဲဆိုတာကို ခန့်မှန်းတွက်ချက်တာတွေပါဝင်ပါတယ်။ စပါး မကြိတ်ခင်မှာလည်း တိကျစွာချိန်တွယ်ဖို့လိုအပ်သလို ကြိတ်ပြီးရရှိလာတဲ့ ဆန်တင်းအရေအတွက်ကိုလည်း ချိန်တွယ်ဖို့ လိုအပ်ပါတယ်။
ကြိတ်ခွဲခြင်း
----------
စပါးကို စားသုံးဖို့တွက်ကြိတ်ခွဲတဲ့အခါ ဖုန်၊ သဲ၊ ခဲ နှင့် အမှိုက်ကင်းစင်ပြီး ကောင်းစွာခြောက်သွေ့ နေရပါမည်။ အဖျင်း အမှော် နှင့် ဖုန်၊ သဲ၊ ခဲ ပါနေတဲ့ စပါးဖြစ်လျှင် မကြိတ်ခွဲခင်ကောင်းစွာ သန့်စင်ဖို့တော့ လိုအပ်ပါသည်။
စပါး သိုလှောင်ခြင်း
-----------------
▪️ စပါးစေ့များ အစိုဓာတ်နည်းလာပြီး ခြောက်သွေ့မာကြောလာမှသာ(သိရှိနိုင်ရန် အချို့သော စပါးစေ့များကို ကိုက်ကြည့်ပါ) ကာလကြာရှည် သိုလှောင်နိုင်မည် ဖြစ်ပါတယ်။
▪️ စပါးသိုလှောင်ဖို့အတွက် အစိုဓါတ်( ၁၀- ၁၂%)ခန့် ရှိရမည်။
▪️ စပါးအိတ်များကို မြေကြီးနှင့်ကပ်မနေစေဘဲ စင်ထိုးပြီး စနစ်တကျ သိုလှောင်ရမည်။
▪️ စပါးကို ကာလကြာရှည်သိုလှောင်နိုင်ဖို့အတွက် အစိုဓါတ်နည်းဖို့လိုအပ်ပါတယ်။
▪️ သိုလှောင်သည့် စပါးအိတ်ထဲမှာပါရှိတဲ့ စပါးစေ့၏ အစိုဓါတ်ရာခိုင်နှုန်းမြင့်နေမယ်ဆိုရင် အပူဓါတ်နှင့် အငွေ့လျှော့သွားစေရန် စပါးအိတ်ကို ဖွင့်ထားပေးဖို့ လိုအပ်ပါသည်။ ဒါမှမဟုတ် အစိုဓါတ်မြင့်နေသည့် စပါးများကို သန့်ရှင်းခြောက်သွေ့တဲ့ အခန်းထဲမှာပလတ်စတစ်ခင်းပြီး ဖြန့်ထားနိုင်ပါတယ်။
▪️ သိုလှောင်ထာသည့် စပါးအိတ်ကို ကြွက်၊ ငှက်နှင့် တခြားသော ပိုမွှားများ ဖျက်ဆီးခြင်း၊ မိုးရေစိုခြင်း မဖြစ်အောင် ဂရုစိုက်ရမည်။
▪️ စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။
▪️ စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံတာပေါ်လင်စများအောက်တွင် လုံခြုံစွာထားရှိပါ။
▪️ အကယ်၍ စပါးများကို ပိုမိုလုံခြုံစွာနှင့် ပိုမိုကြာရှည်စွာသိမ်းဆည်းချင်ပါက လေလုံအောင်ချိတ်ပိတ်သိုလှောင်ရသည့် လေလုံသိုလှောင်နည်းစနစ်သည် အကောင်းဆုံးဖြစ်ပြီး ၎င်းသိုလှောင်နည်းစနစ်က စပါးနှံများကို အစိုပြန်ခြင်းနှင့် ပိုးမွှားများရန်မှ ကာကွယ်ပေးမည် ဖြစ်ပေသည်။
Sources : စိုက်ပျိုးရေးနည်းပညာ ဗဟုသုတများ
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857