ဆိတ်စျေးကွက်စံချိန်တင်မြင့်တက်လာ
ဆိတ်မွေးမြူရေးစျေးကွက်မှာ ရောင်းတန်းဝင်တဲ့ ဆိတ်အရွယ် အစားအကြီးတွေက တစ်ပေါင်ကို ၅၀၀၀ ဝန်းကျင်စျေးတန်းရှိပြီး ပိဿာချိန်နဲ့ဆိုပါက တစ်ပိဿာကို ၁၇၀၀၀ ကျော်ကျပ်အထိ စံချိန်တက် မြင့်တက် လာနေတာဖြစ်တယ်လို့သိရပါတယ်။
" ပြည်တွင်းမှာ ကုန်ကြမ်းရှားလာတယ်။ဆိတ်ရှားလာတာက အဓိကပါ။တရုတ်က လည်းအဝယ်ရှိတယ်။ မလေးကလည်း ဝယ်မယ့်အမှာရှိတယ်သိရတယ်"လို့ ဆိတ်ရောင်းဝယ်ရေးလုပ်ကိုင်သူကပြောပါတယ်။
ဆိတ်စျေးကွက်မြင့်လာတဲ့အတွက် ဆိတ်အကောင်ရေ ၇၅ ကောင်ကိုပင် ငွေကျပ်သိန်း ၅၂၅ သိန်းအထိ စျေးရရှိနေတယ်လို့သိရပါတယ်။
ဆိတ်အရှင်ခြံဖမ်းစျေးကွက်က လမ်းပန်းဆက်သွယ်ရေးအပေါ်မူတည်သလို နယ်မြေအေးချမ်းမှုရှိခြင်း မရှိခြင်းအပေါ်မူတည်ပြီး စျေးနှုန်း ကွာခြားမှုရှိနေတယ်လို့သိရပါတယ်။
ဆိတ်မွေးမြူရေးမှာ ဆိတ်တစ်ကောင်ကို ပိဿာ ၂၀ အထက်အရွယ်ရှိအောင် မွေးမြူသူရှားကြောင်း၊ ပိဿာ၂၀ အထက်က မျိုးပွားဖို့အတွက်အဓိကမွေးတဲ့ ဆိတ်ထီးသာအများဆုံးရှိတာဖြစ်ပြီး စျေးကွက်မှာ ၁၀ ပိဿာအထက်ဆိတ်တွေ အများဆုံးမွေးမြူကာရောင်းဝယ်ကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဆိတ်မွေးမြူရေးလုပ်ကိုင်သူအများဆုံးဖြစ်တဲ့ အညာဒေသမှာတော့ ဆိတ်ကို ပိဿာချိန် ၃၀ အထက်ထိမွေးမြူကြပါတယ်။
လက်ရှိမှာတော့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အညာဒေသဘက်မှာလည်း ဆိတ်မွေးမြူ ရေး လုပ်ကိုင်သူလျော့ကျလာသလို ကျန်ဒေသတွေမှာလည်း ဆိတ်မွေးမြူသူနည်းလာပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ဆိတ်စျေးကွက်က တစ်ပိဿာကို ၄၀၀၀ ကျပ်သာရတဲ့အထိ စျေးကျဆင်းခဲ့ပါတယ်။
ဆိတ်တွေက ယခုလိုနေပြင်းတဲ့နွေ ရာသီဥတုမှာ ကြီးထွားမှုနှုန်း ကောင်းပြီး မိုးရာသီမှာတော့ ကြီးထွားမှု နှေးတဲ့အပြင် ရောဂါဖြစ်ပွားကာ သေဆုံးမှုလည်းရှိတတ်ပါတယ်။
မစံပယ်(AMIA)
AMIA-Doh Farmer Digital TV မှ ကူးယူဖော်ပြပါသည်။
---------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437