cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အမျိုးမျိုးအသုံးဝင်တဲ့ “ဒန့်သလွန်ပင်” (၁)

. စိုက်ပျိုးနည်းစနစ်များ
ကိုင်းဖြတ်စိုက် ထားတဲ့ အပင်များမှာ ရေသောက်မြစ်မရှိပဲ၊ ဘေးမြစ်များသာရှိတဲ့အတွက် မိုးခေါင်တဲ့ဒေသ၊ မြေညံ့တဲ့ဒေသများမှာတော့ အစေ့မှပျိုးတဲ့ အပင်များကို သုံးသင့်ပါတယ်။
  • ပဲကြိုက်တဲ့ အညာသားပီပီ ပဲကုလားဟင်းချက်ရင် ဒန့်သလွန်သီးကို အမြဲထည့်ချက်ခိုင်းပြီး မြိန်ယှက်စွာ စားသုံးလေ့ရှိသလို ဒန့်သလွန်ရွက်ကို ဟင်းချိုချက်သောက်ရတာကိုလည်း ခုံမင်ပါတယ်။ ဒန့်သလွန်ပင်ကို မြန်မာနိုင်ငံအနှံ့နည်းပါး စိုက်ပျိုးနေကြပြီး ဒန့်သလွန်သီးကို ဟင်းချက် စားသလိုဒန့်သလွန်ရွက်ကို အထူးသဖြင့် ဟင်းချိုချက် သောက်သုံးရာမှာ အသုံးပြုနေကြပါတယ်။ ဒန့်သလွန်သီး-ငါးခေါင်းဟင်းဟာ လဲ လူကြိုက်များတဲ့ ဟင်းမယ်ဖြစ်ပါတယ်။ ဒန့်သလွန်သီးပေါ်စ ရာသီဆိုရင် အသီးတစ်တောင့်ကို ကျပ် ၂ဝဝမှ ကျပ် ၂၅၀၊ အရွက်ညွန့် ငါးညွန့်မှ ခုနစ်ညွန့်ခန့် တစ်စီးကို ကျပ် ၁ဝဝ ခန့်နဲ့ လက်လီရောင်းချ ကြပါတယ်။ ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက်ကို နှစ်ခြိုက်စွာ ဟင်းချက် စားသုံးနေသော်လဲ တခြားအသုံးဝင်မှုများနဲ့ အသုံးချနေမှုများကို သတိမထားမိခဲ့ပါ။ တစ်နေ့က စိုက်ပျိုးရေးဆိုင်ရာ စာပေများကို အင်တာနက်မှာရှာဖွေခဲ့ရာ အမှတ်မထင် ဒန့်သလွန် ပင်ရဲ့ အသုံးဝင်မှုများနဲ့ အသုံးကျမှုစာတမ်းများကို တွေ့ရှိလေ့လာခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဒန့်သလွန်ပင်များကို အလွယ်တကူ စိုက်ပျိုးနိုင်တဲ့အတွက် စီးပွားဖြစ်စိုက်ပျိုး လိုသူများအတွက် လိုအပ်သလို အသုံးချနိုင်စေဖို့ လေ့လာခဲ့သမျှတချို့ကို စာရှုသူများ ထံ မျှဝေတင်ပြလိုက်ပါတယ်။  

    ဒန့်သလွန်ပင်၏ မူရင်းဒေသနှင့် စိုက်ပျိုးနေမှု အခြေအနေ ဒန့်သလွန်ပင်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဟုဆိုကြပြီး ပါကစ္စတန်နိုင်ငံနှင့် နီပေါနိုင်ငံတို့မှာလဲ ပေါက်ရောက်ကြောင်း သိရပါတယ်။ ယခုအခါ ကမ္ဘာအနှံ့နည်းပါး စိုက်ပျိုးနေကြပြီး တချို့ဒေသများမှာ မိမိဒေသပေါက် အပင်ကဲ့သို့ပင် ကောင်းစွာ စိုက်ပျိုးနေကြပါတယ်။ မြန်မာအမည် “ဒန့်သလွန်ပင်”ကို တခြားနိုင်ငံများ မှာ အမည်အမျိုးမျိုးနဲ့ ခေါ်ကြပါသေးတယ်။ အင်္ဂလိပ်လို Moringa ဟု လည်းကောင်း၊ Horseradish ဟု လည်းကောင်း၊ Ben Tree ဟု လည်းကောင်း၊ Drum Stick ဟုလည်းကောင်း ခေါ်ကြပါတယ်။ ဖိလစ် ပိုင်နိုင်ငံမှာ ဒန့်သလွန်ရွက်ကို ဟင်းချက်ပြီး ကလေးများကို အာဟာရပြည့်ဝစေဖို့ ကျွေးကြတဲ့အတွက် “မိခင်များရဲ့ အကောင်းဆုံး မိတ်ဆွေ”ပင် (Mothers} Best Friend) ဟုလည်းကောင်း၊ Malunggay ဟုလည်းကောင်း ခေါ်ပါတယ်။ ဟေတီကျွန်းနိုင်ငံမှာတော့ Benzolive အပင်လို့ခေါ်ပြီး၊ ဆီနီဂေါနိုင်ငံမှာတော့ Nebeday လို့ ခေါ်ပါတယ်။ ဒန့်ဒလွန်ပင်ကို စိုက်ပျိုးတဲ့နိုင်ငံနဲ့ အသုံးချမှုအပေါ် မူတည်ပြီး နိုင်ငံအလိုက် နာမည်အမျိုးမျိုးဖြင့် ခေါ်ကြပါတယ်။ တချို့က ဒန့်သလွန်ပင်ရဲ့ အမျိုးမျိုးအသုံး ဝင်မှုများကို ကြည့်ပြီး “အံ့ဘွယ်အပင်” (Miracle Tree)လို့လဲ ခေါ်ကြပါတယ်။ 

    ဒန့်သလွန်ပင်ရဲ့ သိပ္ပံအမည်မှာ Moringa oleifera LAM လို့ ခေါ်ပြီး၊ မျိုးရင်းမှာ Moringaceae ဖြစ်ပါတယ်။ ဒန့်ဒလွန်မျိုးစု Moringa အောက်မှာ မျိုးစိတ်(Species) ၁၃ခု ရှိပြီး၊ မျိုးစိတ်များဟာ အိန္ဒိယနိုင်ငံ၊ ပင်လယ်နီဧရိယာနဲ့ မာဒါဂတ်စကာအပါအဝင် အာဖရိကတိုက်ရဲ့ တချို့ဒေသတွေမှာ မူရင်းဒေသအဖြစ် ပေါက်ရောက်ကြတယ်လို့ ယူဆကြပါတယ်။ အဲ့ဒီမျိုးစိတ်များထဲမှာ “ဒန့်သလွန်မျိုးစိတ်” ကို အသိများသကဲ့သို့ အသုံးပြုမှုလဲ အများဆုံးဖြစ်ပြီး၊Moringa ဆိုတဲ့ အမည်ဟာ ဒန့်သလွန်ပင်ကို ကိုယ်စားပြုခေါ်တဲ့နာမည်ဖြစ်လာပါတယ်။ ယခုအခါ တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာရေဗျကျွန်းဆွယ်၊ အပူပိုင်းအာဖရိကနိုင်ငံများ၊ အလယ်ပိုင်းနှင့် တောင်အမေရိကနိုင်ငံများနဲ့ ကာရေဘီယမ်ကျွန်းစုများမှာ ကျယ်ပြန့်စွာ စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။  

    စိုက်ပျိုးရန်အတွက် လိုအပ်တဲ့အခြေအနေများ 

    ဒန့်သလွန်ပင်ဟာ ပူနွေးခြောက်သွေ့ပြီး တစ်နှစ်မိုးရေချိန် ၁၀ မှ ၆၀ လက်မ (၂၅၀ - ၁,၅ဝဝ မီလီလီတာ) ရရှိတဲ့ အပူပိုင်းဒေသများမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၂ဝဝ မီတာ (ပေ ၄,ဝဝဝ) မြင့်တဲ့နေရာများထိ စိုက်ပျိုးနိုင်တယ်လို့ ဆိုကြသော်လည်း ပင်လယ်ရေ မျက်နှာပြင်အထက် ၆ဝဝ မီတာ (ပေ ၂,ဝဝဝ)အတွင်း စိုက်ပျိုးခြင်းဟာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ တချို့ အပူပိုင်းဒေသများမှာ အမြင့်ပေ ၆,ဝဝဝ ခန့်ထိ စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်းများရှိတယ်လို့ ဆိုပါတယ်။ လေတိုက်ခတ်မှုများ တဲ့ဒေသများမှာ အပင်ခြောက်သွားစေ နိုင်ပါတယ်။ အပူလျော့ပိုင်းဒေသများမှာ ဒန့်သလွန်ပင်ဟာ ဆီးနှင်းအတော်အသင့်ကျတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။ အကယ်၍ ဆီးနှင်းများကျလာခဲ့သော် မြေပေါ်ပိုင်းမှာရှိနေကြတဲ့ အရွက်များနဲ့ အကိုင်းများ သေသွားသော်လည်း ရာသီပြန်နွေးလာ တဲ့အခါ အညွန့်သစ်၊ အကိုင်းသစ်များ ပြန် လည်ထွက်ပြီး ရှင်သန်လာနိုင်ကြပါတယ်။ အပူချိန် ဒန့်သလွန်ပင်အတွက် အသင့်တော်ဆုံး အပူချိန်ကတော့ ၂၅ ဒီဂရီ စင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ် (၇၇ ဒီဂရီဖာရင်ဟိုက်မှ ၉၅ ဒီဂရီဖာရင်ဟိုက်) ဖြစ်ပြီး အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ် ရောက်သည်ထိ ခံနိုင်ရည် ရှိကြပါတယ်။  

    မြေဒန့်သလွန် စိုက်ပျိုးမယ့် မြေဟာ ရေစီးစိမ့်မှု ကောင်းတဲ့ သဲနုန်းမြေ၊ သဲဆန်တဲ့မြေများကို ကြိုက်နှစ်သက်ပါတယ်။ ရွှံ့စေးမြေ၊ မြေစေးမြေများမှာ စိုက်ပျိုးနိုင်သော်လည်း အပင်ခြေရေဝပ်မှု ဒဏ်ကို ခံနိုင်ရည်မရှိပါ။ မြေအောက်ရေပြင် မြင့်လွန်းပါက အပင်အမြစ်များ ရေနစ်ပြီး အပင်သေတတ်ပါတယ်။ ဒန့်သလွန်ပင်ကို မြေချဉ်-ငံဓာတ်(စံ) ငါးမှကိုးအထိရှိတဲ့ မြေများမှာ ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး (စံ) ကိုးထက်မြင့်တဲ့မြေငံများမှာပင် ကောင်းစွာဖြစ်ထွန်းနိုင်ကြောင်း တွေ့ရပါတယ်။ သို့သော် ဒန့်သလွန်ပင်ဟာ တခြားအပင်မျိုးများနည်းတူ မြေသြဇာကျွေးပေးခြင်း၊ ရေလောင်းပေးခြင်းနဲ့ ခြောက်သွေ့ရာသီမှာ အပင်ခြေတစ်ဝိုက်မြေပေါ်ကို သစ်ရွက်ခြောက်၊ မြက်ခြောက် စတာတွေနဲ့မြေဖုံး (ကြူခ့ငညါ) ပေးခြင်းတို့ကို လုပ်ပေးတာကိုလည်း ကြိုက်နှစ်သက်ပါတယ်။ 

    ဒန့်သလွန်ပင်၏ ရုပ်သွင်လက္ခဏာ ဒန့်သလွန်ပင်ဟာ ကြီးထွားမှုမြန်တဲ့ အပင်မျိုးဖြစ်ကာ အမြဲစိန်းပင်၊ သို့မဟုတ် တစ်ခါတလေ အရွက်ကြွေတတ်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ ရေငတ်ဒဏ်ကို ခံနိုင်သော်လည်း ရေဝပ်မှုဒဏ်ကိုတော့ မခံနိုင်ပါ။  

    အညွန့်နှင့်အရွက်များ  

    ဒန့်သလွန်အရွက်ဟာ နှစ်ဆင့် ငှက်မွေးရွက်ပေါင်း၊ သို့မဟုတ် သုံးဆင့်ငှက်မွေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး၊ အရှည် ၄၅ စင်တီမီတာခန့်ရှိကာ အကိုင်း၊ အညွန့်များပေါ်မှာ အလှည့်ကျနှင့် ဝက်အူရစ် သဏ္ဌာန် ထွက်ကြပါတယ်။ အရွက်မွှာများဟာ ကိုင်းငယ်များပေါ်မှာ မျက်နှာခြင်းဆိုင် ထွက်ကြပြီး၊ အရွက်ငယ်တစ်ရွက်ရဲ့ အရှည်မှာ ၁ ဒသမ ၂ စင်တီမီတာမှ နှစ်စင်တီမီတာနဲ့ ဗျက်အကျယ်မှာ သုည ဒသမ ၆ မှ စင်တီမီတာ တစ်စင်တီမီတာ ရှိပါတယ်။ အရွက်မွှာအနက်၊ထိပ်မှာရှိတဲ့အရွက်ငယ်ဟာ လုံးရှည်ပုံရှိပြီး၊ ဘေးဖက်တစ်လျှောက်မှာ ထွက်ကြတဲ့ အရွက်ငယ်များဟာ အဝိုင်းပုံရှိကြပါတယ်။ ထိပ်ထွက်အရွက်ငယ်ရဲ့ အရိုးဟာ သုံးမီလီမီတာမှ ခြောက်မီလီမီတာရှည်ပြီး ဘေးထွက်အရွက်ငယ်များရဲ့ ရွက်ရိုးဟာ ၁ ဒသမ ၅ မီလီမီတာမှ ၂ ဒသမ ၅ မီလီမီတာခန့် ရှည်ပါတယ်။ အရွက်ငယ်များဟာ အစိမ်းရောင်ရှိကြပြီး၊ အောက်မျက်နှာပြင်မှာ အမွေးနုကလေးများပါတတ်ကာ၊ အရွက်အပေါ်မျက်နှာပြင်ဟာ ပြောင်ချောနေပါတယ်။ အရွက်ငယ်များရဲ့ အလယ်ရိုးဟာ(မျိုးပေါ်မူတည်ပြီး) အနီရောင်သန်းနေတတ်ပါတယ်။ ရွက်နားချောပြီး အရွက် ထိပ်ဖျားဟာ လုံးဝိုင်း၊ သို့မဟုတ် အဖျားတုံးနေတတ်ပါတယ်။ အရွက်ငယ်များရဲ့ အရင်းပိုင်းကတော့ ခတ်ချွန်ချွန်ဖြစ်နေတတ်ပါတယ်။ အညွန့်နုများဟာ နုစဉ်မှာ အမွေးနုများရှိတတ်ပြီး တဖြည်းဖြည်းအစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းသွားပါတယ်။ 

     အပွင့်၊ အသီးနှင့်အစေ့ 

    ဒန့်သလွန်ပွင့်များဟာ လိင်စုံပွင့်များဖြစ်ကြကာ အနံ့ရှိပြီး၊ ဖြူဝါရောင်ရှိကြပါသည်။ အခိုင်လိုက်ပွင့်ကြပြီး ပွင့်ညှာတို ကာ၊ကြားထွက်ပန်းခိုင်များ ဖြစ်ကြပါ သည်။ ပန်းခိုင်အရှည်မှာ ၁၀ စင်တီမီတာမှ ၁၅ စင်တီမီတာခန့်ရှိပြီး၊ ပန်းပွင့်ငယ် တစ်ပွင့်ဟာ သုည ဒသမ ၇ စင်တီမီတာမှ တစ်စင်တီမီတာရှည်၍ နှစ်စင်တီမီတာ ကျယ် ပါသည်။ ဖြူဝါရောင်ပွင့်ဖတ် ငါးခုပါပြီး၊ ပွင့်ဖတ်တစ်ခုနှင့်တစ်ခု အရွယ်မတူညီကြဘဲ၊ အဖျားရှုး၊ အရင်းကျယ်ပုံသဏ္ဌာန်ရှိကြပါ သည်။ အောင်မြင်သည့် ပွင့်ဖိုစေ့ဝတ်ဆံငါးခုနှင့် မအောင်သည့် ပွင့်ဖိုစေ့ဝတ်ဆံ ငါးခုပါသည်။ အစေ့အိမ်မှာ အခန်းတစ်ခန်းသာပါပြီး၊ ဝတ်မှုန်ခံတိုင် ရှည်သည်။ အသီးမှာ အောက်သို့ တွဲလောင်းကျသီးနေကြပြီး ဒေါင့်သုံးဒေါင့်ရှိသည်။ အသီး၏ အရှည်မှာ မျိုးအလိုက် ၂၀ စင်တီမီတာ မှ ၅၀ စင်တီမီတာထိ ရှည်နိုင်သည်။ အသီးအလျားတစ်လျှောက် ကျောရိုးဖုအဖောင်း (Ridges)ကိုးခုပါသည်။ တချို့ ဒန့်သလွန်မျိုးများ၏ အသီးအရှည်မှာ တစ်မီတာထိ ရှိနိုင်ပြီး အကျယ်မှာ နှစ်စင်တီမီတာမှ ၂ ဒသမ ၅ စင်တီမီတာခန့်ထိ ရှိသည်ဟု ပြောကြပါသည်။ 

     အသီးတစ်တောင့်တွင် အစေ့ ၂၆ စေ့ထိ ပါနိုင်ပြီး အသီးကြီးထွားနေစဉ် တစ်လျှောက် အသီးအရောင်မှာ အစိမ်းရင့်ရောင်ဖြစ်ပါသည်။ ပန်းပွင့်ကာ အသီးတင်ပြီး အသီးရင့်မှည့်သည်ထိ   သုံးလခန့်ကြာသည်။ 

    အသီးရင့်မှည်လာသော် အညိုရောင်သို့ပြောင်းသွားပြီး၊ အသီးပေါ်ရှိ ဒေါင့်များတစ်လျှောက် အလျားလိုက်အက်ကွဲကာ အထဲတွင်ရှိသော သုံးမြှောင့်ပုံရှိ အညိုရောင် အစေ့များ ထွက်လာစေပါသည်။ အစေ့မှာ အဖြူရောင်ပါးလွှာသည့် အတောင် သုံးခုပါကာ အရွယ်မှာ တစ်စင်တီမီတာခန့် ရှိပါသည်။ မျိုးစေ့များ၏အလေးချိန်မှာ မျိုးအလိုက် ကွာခြားကြပြီး မျိုးစေ့တစ်ကီလို ဂရမ်တွင် အစေ့ ၃,ဝဝဝ မှ ၉,ဝဝဝ ခန့်ထိ ပါဝင်နိုင်ပါသည်။  

    ပင်စည်၊အကိုင်းများ၏ အခေါက်နှင့်အသား  

    ဒန့်သလွန်ပင်ရဲ့ အခေါက်ဟာ ဖြူညိုရောင်ရှိပြီး အခေါက်ထူကာနူးညံ့ပါသည်။ အခေါက်ပေါ်ရှိ ဖော့လွှာထူလာပြီး အခေါက်များ အက်ကွဲနေတတ်ပါသည်။ ပင်စည်နဲ့အကိုင်းများမှာ ဒဏ်ရာရလျှင် အစေးများ ထွက်လာပါသည်။ ထွက်စမှာအစေ့အရောင်မှာ အဖြူရောင်ဖြစ်ကာ လေနဲ့ ထိတွေ့နေတာနဲ့အမျှ အစေးရောင်ဟာ နီညိုရောင်ကနေ ညိုနက်ရောင်ကို ပြောင်းသွားပါတယ်။ ဒန့်သလွန်ပင်ရဲ့ သစ်သားဟာ အသားပျော့ပြီး၊ ပေါ့ပါးနေကာ သိပ်သည်းဆ သုည ဒသမ ၅ မှ သုည ဒသမရ ါ/ခာ၃) ရှိပါတယ်။ 

    အမြစ်ထွက်မှု အလေ့အထ ဒန့်သလွန်စေ့မှ ပေါက်လာတဲ့ အပင်ငယ်များတွင် ဖောင်းပွပြီး တုတ်ခိုင်သန်မာတဲ့ ရေသောက်မြစ်ရှိပါတယ်။ ရေသောက်မြစ်မှာ စူးရှတဲ့အနံ့ရှိပြီး မြေအောက်ကို နက်ရှိုင်းစွာ ထိုးဆင်းနိုင်ပါတယ်။ တုတ်ခိုင်တဲ့ ဘေးမြစ်များလည်း ထွက်လာပါတယ်။ အကိုင်းဖြတ် မျိုးပွားစိုက်ပျိုးထားတဲ့ အပင်များမှာတော့ ရေသောက်မြစ်မရှိပဲ ဘေးမြစ်များသာ ထွက်ကြပါတယ်။  

    ဒန့်သလွန်မျိုးများ 

     ဒန့်သလွန်ပင် မျိုးကွဲအများအပြား ရှိကြပါတယ်။ သဘာဝပေါက်နေတဲ့ ဒန့်သလွန်မျိုးရိုင်းများမှာ အသီးအရွယ်သေး ငယ်သော်လည်း စိုက်ပျိုးနေတဲ့ မျိုးများ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေသများမှာ စိုက်ပျိုးနေတဲ့ မျိုးများမှာ အသီးအရွယ်ကြီးမားကြပြီး အသီးအရှည် ၆၀ စင်တီမီတာမှ ၉၀ စင်တီမီတာထိရှိကြပြီး တချို့မျိုးများမှာ အသီးအရှည် ၁၂၀ စင်တီမီတာထိရှိကြသည်ဟု ဆိုကြပါတယ်။  

    အသီးအရောင် အနီရောင်သန်းတဲ့ ဒန့်သလွန်မျိုးများဟာ တစ်နှစ်ပတ်လုံး ပန်းပွင့်ကြတဲ့အတွက် အသီးထွက်ကောင်းကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ တမီနာဒူးပြည်နယ်မှ ဒန့်သလွန်မျိုးတစ်မျိုးမှာ အသီးရဲ့ အသားဟာ ထူပြီး အရသာအနည်းငယ်ခါးကြောင်း တွေ့ရပါတယ်။ တချို့ဒန့်သလွန်မျိုးများရဲ့ အသီးအရှည်ဟာ ၁၅ စင်တီမီတာမှ ၂၃ စင်တီမီတာလောက်သာ ရှိတာကိုလည်း တွေ့ရပါတယ်။ အနောက် အင်ဒီးကျွန်းစုမှာရှိတဲ့ ဒန့်သလွန်မျိုးတချို့ဟာ အသီးများစွာသီးကြသော်လည်း တချို့မျိုးတွေဟာ အသီးကောင်းကောင်းမသီးတဲ့အတွက် အရွက်ကိုသာ အဓိကထား ထုတ်လုပ်ရကြောင်း သိရပါ တယ်။ 

    ပန်းပွင့်ခြင်းနှင့် အသီးသီးခြင်း  

    ဒန့်သလွန်ပင်သည် စိုက်ပျိုးသည့် မျိုးနှင့် စိုက်ပျိုးသည့် ဒေသပေါ်မူတည်ပြီး ပန်းပွင့်မှု အလေ့အထမတူကြပါ။ ရာသီဥတုအေးမြသည့် မြောက်ပိုင်းဒေသများတွင် ဧပြီလနှင့် မေလများမှာ ပန်းပွင့်လေ့ရှိကြပြီး တောင်ပိုင်းဒေသများတွင် တစ်နှစ်နှစ်ကြိမ် ပန်းပွင့်နိုင်ကြောင်း တွေ့ရပါတယ်။ ကာရေဘီယမ်ကျွန်းကဲ့သို့ တစ်နှစ်အတွင်း ပုံမှန်မိုးရွာသွန်းပြီး အပူချိန်ပြောင်းလဲမှုမများတဲ့ ဒေသများမှာ ဒန့်သလွန်ပင်ဟာ တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်ကြောင်း တွေ့ရပါတယ်။ ဒန့်သလွန်ပင်ဟာစိုက်ပျိုးပြီး အပင်ငယ်ငယ်နဲ့ ပန်းပွင့်နိုင်ကြပါတယ်။ တချို့အပင်စိုက်ပြီး ခြောက်လလောက်နဲ့ ပန်းပွင့်လာနိုင်ကြကာ ပုံမှန်အားဖြင့် စိုက်ပျိုးပြီး တစ်နှစ်အတွင်း ပန်းစပွင့်နိုင်ကြပါတယ်။ ဝတ်မှုန်ကူး သန္ဓေအောင်မြင်ရန်အတွက် ပျားများ၊ အင်းဆက်ပိုးများနဲ့ တချို့ငှက်များကလည်း အကူအညီပေးကြပါတယ်။ ပန်းပွင့်ကာ အသီးတင်ပြီးနောက် သုံးလကြာသော် အသီးရင့်မှည့်လာပြီး အသီးထဲမှ အစေ့များ ထွက်လာကာ သဘာဝမှ ရေ၊ လေတို့၏ အကူအညီနဲ့ မျိုးပြန့်ပွားကြပါတယ်။ အသီးစတင်သီးသည်မှ အပင်သက် ၁၂ နှစ်လောက်ထိ အသီးထွက်ကောင်းမွန်ကြကြောင်း တွေ့ရပါတယ်။ 

    မျိုးပွားခြင်း  

    ဒန့်သလွန်ပင်များကို အစေ့မှဖြစ်စေ၊ ကိုင်းကို ဖြတ်၍ဖြစ်စေ အလွယ်တကူ မျိုးပွား စိုက်ပျိုးနိုင်ပါတယ်။ မျိုးစေ့များကို ပျိုးခင်း၊ ပျိုးခွက်မြေထဲမှာ နှစ်စင်တီမီတာ တစ်လက်မခန့် အနက်ထားပြီး ပျိုးပါ။ အစေ့များဟာ တစ်ပတ်မှ နှစ်ပတ်အတွင်း အပင်များစတင်ပေါက်လာပါမယ်။ သာမန်အခန်းအပူချိန်မှာ သိုလှောင်ထားတဲ့ ဒန့်သလွန်မျိုးစေ့များဟာ နှစ်လကြာရင် ၄၈ ရာခိုင်နှုန်း အပင်ပေါက်နိုင်ပြီး၊ သုံးလကြာရင် တော့ ၇ ဒသမ ၅ ရာခိုင်နှုန်းသာ အပင်ပေါက်ကြောင်း တွေ့ရပါတယ်။ နှစ်နှစ်ကျော်ကြာထိ သိုလှောင်ထားတဲ့ မျိုးစေ့များမှာမူ အပင်ပေါက်မလာနိုင်တော့ပါ။ သို့သော် အအေးခန်းမှာ သိုလှောင်ထားရင်၊ အိတ်ထဲက လေထုတ် အလုံပိတ်ပြီး သိုလှောင်ထားရင်တော့ နှစ်ကြာကြာ သိုလှောင်ထားနိုင်ပြီး အပင်ပေါက်နှုန်းကောင်းနိုင်ကြောင်း ဘရာဇီးနိုင်ငံရဲ့ သုတေသနတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ပျိုးခင်း၊ ပျိုးအိတ်၊ ပျိုးခွက်တွေကို အရိပ်ကျတဲ့နေရာမှာ၊ ဒါမှမဟုတ် အရိပ်ကျဲ ပြုလုပ်ထားပေးထားပါ။ ရာသီဥတုပူပြင်းတဲ့ ဧပြီလ၊ မေလများမှာ နေပူထဲပျိုးရင် ၄၀ ရာခိုင်နှုန်းသာ အပင်ပေါက် ပြီး အရိပ်အောက်မှာ ထားပျိုးရင် ၉၄ ရာခိုင်နှုန်းထိ အပင်ပေါက်ကြောင်း တွေ့ရပါ တယ်။ 

     ဒန့်သလွန်ပင်ကို ကိုင်းဖြတ်မျိုးပွား စိုက်ပျိုးလို့လဲ ရပါတယ်။ အစေ့မှစိုက်တဲ့အပင်များဟာ ပန်းပွင့်ရန်နှေးပြီး အသီးထွက်နှုန်းနည်းတဲ့အတွက် ကိုင်းဖြတ်စိုက်တဲ့ အပင်များကို ပိုမိုသဘောကျကြပါတယ်။ 

    ကိုင်းဖြတ်မျိုးပွားဖို့အတွက် ကိုင်းအရှည် ၄၅ စင်တီမီတာမှ ၁၅၀ စင်တီမီတာ (ပေ ၁ ဒသမ ၅ မှ ငါးပေ)နဲ့ လုံးပတ် လေးစင်တီမီတာမှ ၁၀ စင်တီမီတာ (နှစ်လက်မမှ လေးလက်မ)ရှိတဲ့ ကိုင်းများကို ဖြတ်ယူပါ။ ဖြတ်ယူရမယ့် ကိုင်းများဟာ တစ်နှစ်သားအရွယ် (မနှစ်ကထွက်တဲ့အကိုင်း) အကိုင်းများဖြစ်ရပါမယ်။ ဖြတ်ထားပြီး ကိုင်းများကို အရိပ်ထဲမှာ သုံးရက်လောက် လေသလပ်ခံ ထားပြီးနောက် ပျိုးခင်း၊ပျိုးပေါင်၊သို့မဟုတ် စိုက်ခင်းများမှာ စိုက်ပါ။ ရက်သတ္တနှစ်ပတ်ကြာရင် အရွက်များ စတင်ထွက်လာပြီး ရှင်သန်လာနိုင်ပါတယ်။ ကိုင်းဖြတ်ထားတဲ့ ကိုင်းအရင်းကို အမြစ်ထွက်မှုကို အားပေးတဲ့ အိုင်ဘီအေ (IBA) ခေါ် အမြစ်ထွက် အပင်ဟော်မုန်း ၅၀ (ppm) ပြင်းအား အရည်ထဲမှာ ၂၄ နာရီနှစ်ပြီး စိုက်ရင် အမြစ်ထွက် ပိုမြန်၊ ပိုကောင်းစေနိုင်ပါတယ်။ ကိုင်းဖြတ်စိုက် ထားတဲ့ အပင်များမှာ ရေသောက်မြစ်မရှိပဲ၊ ဘေးမြစ်များသာရှိတဲ့အတွက် မိုးခေါင်တဲ့ဒေသ၊ မြေညံ့တဲ့ဒေသများမှာတော့ အစေ့မှပျိုးတဲ့ အပင်များကို သုံးသင့်ပါတယ်။ 

    - ဒေါက်တာစိန်လှဗိုလ် 

    -------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
7
comments
0
views
1556