"လိမ္မော်စိုက်ပျိုးနည်း"
မြန်မာအမည် - လိမ္မော်
အင်္ဂလိပ်အမည် - Mandarin
ရုက္ခဗေဒအမည် - Citrus spp
မျိုးရင်းအမည် - Rutaceae
ခွံပွမျိုးတွင်(Mandarin)မျိုးမှာအဝါရောင်၊လိမ္မော်နုရောင်ရှိသည်။ဥပမာ ဂျပန်မျိုးဆပ်ဆုမာ(Satsuma) ၊တန်ဂျရင်း(Tangarine)မျိုး၏အခွံရောင်မှာလိမ္မော်ရောင်ရင့်ရင့်(သို့မဟုတ်)အနီရောင်ဖြစ်သည်။ဥပမာအမေရိကန်မျိုးဒန်စီ(Dancy)၊ခွံကျစ်လိမ္မော်တွင်ချက်ပါသောမျိုး(ချက်ပြဲ)ဥပမာဝါရှင်တန်နေဗယ်(Washinton Navel) ၊အများသုံးမျိုး(Common Orange)ဥပမာ-ဗာလင်းစီးယား(Valencia)၊ပတ္တမြားလိမ္မော်မျိုး(Blood Orange)ဥပမာ-(Ruby)၊လိမ္မော်ချဉ်မျိုး၊ဥပမာ-ချင်နိုတို(Chinnoto)၊ဘူကေး(Bouquet)၊မြန်မာနိုင်ငံတွင်အဓိကစိုက်ပျိုးသောလိမ္မော်မျိုးများမှာဆပ်ဆုမာ(Satsuma)၊ (PonKan)၊ (Honey)၊ နှင့်Phu Thong မျိုးများဖြစ်သည်။ ဆပ်ဆုမာမျိုးမှာသီးလုံးအရွယ်အလတ်စားဖြစ်ပြီးအရသာချို၍ အနံ့သင်းသည်။ အသီးပေါ်ချိန်စောသည်။အပင်ပေါ်တွင်တာရှည်အထားမခံသော်လည်းဆွတ်ခူးပြီးလျှင်တာရှည်အထားခံသည်။ရှမ်းပြည်နယ်တွင်အများဆုံးစိုက်ပျိုးသည်။PonKanမျိုးကိုဒေသမျိုးဟုခေါ်ဆိုပြီးကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်အများအပြားစိုက်ပျိုးသည်။Honeyမျိုးမှာထိုင်းနိုင်ငံမှတင်သွင်းသောမျိုးဖြစ်ပြီးအနံ့အရသာကောင်းပြီးအလွန်ချိုသည်။ပူနွေးသောဒေသများတွင်စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။Phu Thongမျိုးမှာထိုင်းနိုင်ငံမှတင်သွင်းသောမျိုးဖြစ်သည်။သီးထွက်အားကောင်းမွန်ပြီးမြေပြန့်ဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းသည်။
မြေအမျိုးအစား
မြေသားထုနက်ပြီးသဲကဲ့သို့မဖွာ၊စနယ်ကဲ့သို့မစေးသောမြေမျိုးတွင်အပင်ကောင်းစွာဖြစ်ထွန်းသည်။လိမ္မော်စိုက်ပျိုးရန်အသင့်တော်ဆုံးသောမြေချဉ်ငံဓာတ်မှာpH(၆၇)ဖြစ်သည်။ရေဝပ်သောမြေနှင့်စိမ့်ပေါက်သောမြေတို့တွင်အပင်မဖြစ်ထွန်းနိုင်ပါ။
ရာသီဥတု
လိမ္မော်ပင်အတွက်အသင့်တော်ဆုံးသောပျမ်းမျှအပူချိန်မှာ(၇၀)°Fမှှ(၉၀)°Fအတွင်းဖြစ်သည်။အပူချိန်မလုံလောက်လျှင်အသီးမချိုခြင်း၊ရင့်မှည့်မှုပုံမှန်မဟုတ်ခြင်းများကြုံတွေ့ရနိုင်ပြီးတာရှည်အပူချိန်များနေလျှင်လည်းအသီးမတင်နိုင်ခြင်း၊အသီးနေလောင်ခြင်းများဖြစ်နိုင်သည်။အသီးအရသာချိုစေရန်အတွက်နေရောင်ခြည်အပြည့်အဝရရန်လိုအပ်သည်။အချို့မျိုးများသည်အအေးဒဏ်ကိုခံနိုင်ရည်ရှိသော်လည်းရေခဲမှတ်အောက်ရောက်ရှိသောအချိန်တွင်(၃-၄)နာရီသာခံနိုင်ကြသည်။ဆောင်းတွင်းအအေးဒဏ်ခံနိုင်ရန်အတွက်သုံးလကြိုတင်၍နိုက်ထဂျင်မြေဩဇာကိုကိုမထည့်သင့်ပါ။
အောက်ခံပင်
အပင်နှင့်အသီးဖြစ်ထွန်းမှု၊ရာသီဥတုနှင့်ရောဂါဒဏ်ခံနိုင်မှုတို့အတွက်အောက်ခံပင်သည်အဓိကကျသည်။ထရွိုင်ယာ(Troyer)နှင့်ကာရီဇို(Carizo)မျိုး၊(ရွက်သုံးခွလိမ္မော်)နှင့်ကမ္ဗလာစပ်မျိုးများသည်အကောင်းဆုံးအောက်ခံမျိုးများဖြစ်သည်။ခေါင်ညွန့်နှင့်အမြစ်တို့တွင်ကျရောက်တတ်သောရောဂါကိုခံနိုင်ရည်ရှိပြီးအရည်အသွေးအကောင်းဆုံးအသီးများကိုရရှိစေသည်။ရွက်သုံးခွလိမ္မော်(Trifoliate)သည်အအေးဒဏ်ကိုအခံနိုင်ဆုံးဖြစ်ပြီး၊အမြစ်ရောဂါဒဏ်ခံနိုင်ခြင်း၊ရာသီချိန်စော၍အသီးရင့်မှည့်စေခြင်းတို့ကြောင့်အေးသောဒေသတွင်အကောင်းဆုံးအောက်ခံပင်မျိုးဖြစ်သည်။လိမ္မော်ချဉ်မျိုး(Serville)သည်ရေသောက်မြစ်ရှည်ပြီးအ ကြမ်းခံနိုင်သည်။သီးထွက်ကောင်းစေခြင်း၊အခွံပါးပြီးအရည်ရွှမ်းစေခြင်းတို့ကြောင့်အောက်ခံပင်အဖြစ်အသုံးပြုကြသည်။
စိုက်ကျင်းတူးခြင်း
စိုက်ကျင်းများကိုမစိုက်ပျိုးမီသုံးလခန့်ကြိုတင်ပြီးတူးရမည်။စိုက်ကျင်းအရွယ်အစားနှစ်ပေပတ်လည်နှစ်ပေအနက်တူး၍စိုက်ကျင်းထဲသို့နွားချေးနှင့်မြေဆွေးကိုစိုက်ကျင်းအထက်(၄)လက်မခန့်မောက်အောင်ဖို့ပြီးမြေနှပ်ပေးထားရမည်။ပင်ကြား၊တန်းကြားအကွာအဝေးအားမိမိစိုက်ပျိုးမည့်မျိုးအပေါ်မူတည်၍ထားရှိရမည်။အပင်အရွယ်ရောက်ချိန်(စိုက်ပြီးခြောက်နှစ်သားခန့်)တွင်တစ်ပင်နှင့်တစ်ပင်ထိမနေစေရန်လိုအပ်သည်။ခွံပွလိမ္မော်မျိုးတွင် (၁၂'x၁၂')နှင့်ခွံကျစ်လိမ္မော်မျိုးအတွက်(၁၆'x၁၈')ခန့်ထားရမည်။
စိုက်ပျိုးခြင်း
ပျိုးပင်သက်တမ်းသည်အနည်းဆုံးတစ်နှစ်ခွဲသားမှနှစ်နှစ်သားခန့်(အောက်ခံပင်တစ်နှစ်ခွဲသားနှစ်နှစ်သား၊ကိုင်းဆက်ပင်ခြောက်လသားတစ်နှစ်သား)ရှိမှစိုက်ပျိုးသင့်သည်။မိုးရွာသွန်းမှုအပေါ်မူတည်ပြီးဇွန်၊ဇူလိုင်၊ဩဂုတ်လများတွင်စိုက်ပျိုးရမည်။စိုက်ပျိုးရာတွင်ကော်လာ(မူလမျိုးထုပ်တွင်ပင်စည်ကိုမြေဖုံးအုပ်ထားသောနေရာ)ကိုဖုံးအုပ်မိရုံသာမြေပြန်ဖုံးပြီးစိုက်ရမည်။ကိုင်းဆက်ပင်ကိုစိုက်ပျိုးပါကတစ်ကိုင်းတည်းသာထားသင့်ပြီး၎င်းကိုင်းကိုလည်းအဆစ်ငါးဆစ်မှခုနှစ်ဆစ်ခန့်(၈"-၁၂")သာချန်ပြီး အဖျားပိုင်းကိုဖြတ်ပေးရမည်။
ရေသွင်းခြင်း
မိုးရာသီဖြစ်သည့်တိုင်ခုနှစ်ရက်ခန့်မိုးပြတ်လှျင်ရေသွင်းပေးရမည်။နွေနှင့်ဆောင်းတွင်ရာသီဥတုပေါ်မူတည်၍(၃‒၇)ရက်ခြားတစ်ကြိမ်ရေသွင်းရမည်။အပင်ငယ်လျှင်(၂)ပေမှအပင်ကြီးလျှင်(၄)ပေကျော်အထိမြေ ကြီးထဲသို့စိမ့်ဝင်အောင်ရေသွင်းပါ။
ပေါင်းရှင်းခြင်း
အပင်ခြေပေါင်းကိုအမြဲရှင်းထားရမည်။အပင်ငယ်လျှင်(၂)ပေပတ်လည်ခန့်မှအပင်ကြီးလျှင်(၄)ပေပတ်လည်ခန့်အထိပေါင်းရှင်းပေးရမည်။
မြေဩဇာကျွေးခြင်း
သဘာဝမြေဩဇာကိုအပင်ငယ်လျှင်(၁)ပြည်မှအပင်ကြီးလျှင်(၁)တင်းအထိထည့်သွင်းနိုင်သည်။သဘာဝမြေဩဇာကျွေးရာတွင်ပင်ခြေမှ(၄)လက်မခန့်ခွာပြီးဘေးသို့(၂-၃-၄)ပေအထိဖြန့်၍မြေကြီးနှင့်ရော၍ကျွေးရမည်။ဓာတ်မြေဩဇာထည့်သွင်းရာတွင်(N꞉P꞉K)အချိုးအား(၂꞉၁꞉၁)ဖြင့်မတ်၊မေ၊ဇူလိုင်လများတွင်ကျွေးပေးရမည်။အနည်းလိုအဟာရဓာတ်များကို(Foliar apply) ဖြင့်ထည့်သွင်းပေးနိုင်သည်။
ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း
ရွက်ထွင်းပိုး၊ပျ၊ပိုးစေးနဲ၊မွှားပင့်ကူနီ၊ဒက်ပိုး၊လှေပိုးများသည်လိမ္မော်တွင်အများဆုံးကျရောက်တတ်သဖြင့်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်နှိမ်နင်းနိုင်သည်။အခေါက်ကွဲ၊အမြစ်ပုပ်နှင့်ပင်ခြေပုပ်ရော ဂါတို့ကျရောက်တတ်ပြီးသီးလုံးပုပ်ရောဂါ၊ရွက်ပြောက်မှိုရောဂါနှင့်လောင်မီးဘက်တီးရီးယားရောဂါများမကျရောက်စေရန်ဘော်ဒိုဆေးရည်ကိုစနစ်တကျဖျော်စပ်၍နည်းစနစ်မှန်ကန်စွာဖြင့်မကြာခဏပက်ဖျန်းပေးရမည်။
အသီးခူးခြင်း
မြန်မာနိုင်ငံတွင်လိမ္မော်ကိုရာသီဥတုပေါ်မူတည်၍အောက်တိုဘာမှဒီဇင်ဘာလအထိအသီးများဆွတ်ခူးနိုင်ပါသည်။သီးခွံအရောင်သည်ရာသီဥတုပေါ်မူတည်ပါသည်။ရာသီဥတုပူပြင်းလျှင်သီးခွံအရောင်နုခြင်း၊အစိမ်းရောင်မပျောက်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။အသီးခူးရာတွင်တစ်လုံးခြင်းစနစ်တကျခူးဆွတ်မှသာအသီးလည်းလှအပင်လည်းမနာပဲဈေးကောင်းရမည်ဖြစ်သည်။လိမ္မော်သည်စနစ်တကျစိုက်ပျိုးပါကတစ်ပင်လျှင်အ သီး(၈၀)လုံးမှ(၁၅၀) လုံးအထိရရှိနိုင်သည်။တစ်ပင်ခြင်းအလှစိုက်ပါကအသီးများစွာရရှိနိုင်သည်။