သရက်ချဉ်လုပ်နည်း၊ သရက်သီးစိမ်းငပိသုပ်ပြုလုပ်နည်း၊ သရက်ပျဉ်လုပ်နည်း
(၁) သရက်ချဉ်လုပ်နည်း
သရက်သီးရာသီ ကုန်ခါနီးပီမို့
သရက်ချဉ်လုပ်နည်း တင်ပေးလိုက်ပါတယ်။
ဒါဆိုရင် တစ်နှစ်စာလုံးအတွက်
သရက်ချဉ် ဖူလုံအောင် လုပ်ထားလို့ ရသွားပါပီ။
လုပ်ပီးသား သရက်ချဉ်များကို
freezer ( ခဲကန် ) ထဲ မှာ
တစ်ခါစားစာ အထုပ်ငယ်လေးများနဲ့
ခွဲခွဲ ထုပ်ပီး ထည့်ခဲထားပါ။
သုပ်စားမယ့်နေ့ တစ်ရက်အလိုမှ
တစ်ထုပ်စီ ထုတ်ထားပီး စားသုံးပါ။
သရက်သီးရာသီကုန်ရင်
စျေးမှာဝယ်တဲ့ သရက်ချဉ်တွေက
အချဉ်စူးစူး အရသာ ဖြစ်နေပါတယ်။
မိမိ ကိုယ်တိုင်လုပ်ပီး ထည့်ခဲထားတဲ့အတွက်
အနံ့မကောင်းမှာလည်း မပူရတော့သလို
အချဉ်စူးစူး အရသာလည်း ဖြစ်မနေစေတော့ပဲ
မိမိ ထည့်ထားစဉ်က အချဉ်အရသာအတိုင်းသာ
ဖြစ်နေပါလိမ့်မယ့်။
သရက်ချဥ် လုပ်ပါတော့မယ်။
****************************
အချဥ်မစူးတဲ့ မချစ်စု သရက်သီးကို ဓါးနဲ့ ပေါက်ပါ။
( သို့ )
အမျှင်ကြီးကြီး လှီးထားပါ။
ဓါးနဲ့ လှီးရင် ပိုလှပေမယ့်
အများကြီးလုပ်ရင်တော့
ဓါးနဲ့ ပေါက်တာ ( သို့ ) ခြစ်တာက ပို အဆင်ပြေပါလိမ့်မယ်။
အချိုးအစားကတော့
💥 သရက်သီး ၁ လုံးကို
💥 ဆား လဖက်စားဇွန်း ၁ ဇွန်း အမောက်ပါ။
အလေးချိန်နဲ့ ပြောရင်တော့
💥 လှီးပြီးသား သရက်မျှင် ( ၃၀ သား ) ကို
💥 ဆား ( ၃ ကျပ်သား ) ပါ။
💥 လှီးပြီးသား သရက်မျှင် ( ၃ ပိဿာ ) ကို
💥 ဆား ( ၃၀ သား ) ပါ။
( ဒီ့ထက် ဆားပိုထည့်ရင် ငံသွားပါလိမ့်မယ်။ )
လှီးပြီးသား သရက်မျှင် နဲ့ ဆား ရောနယ်လိုက်ပြီး
ကျွတ်ကျွတ်အိတ်နဲ့ ဆို ၂ ထပ် ထုပ်ပါ။
ပလတ်စတစ်အိတ်နဲ့ဆို ၁ ထပ်ပဲ ရပါတယ်။
အိတ်ကို သွားကြားထိုးတံနဲ့
ပတ်ချာလည် အပေါက်ဖေါက်ပီး အလေးနဲ့ ဖိထားပါ။
အရည်တွေ ထွက်ကျလာပါလိမ့်မယ်။
ဒီပုံစံအတိုင်း အရည်တွေကို မသွန်ပစ်ပဲ
တစ်ည သိပ်ထားပါမယ်။
နောက်တစ်နေ့ မနက်မှ
သရက်သီးထုပ်ကို ယူလိုက်ပြီး အရည်တွေ သွန်ပြစ်ပါ။
ပြီးရင် ထွက်လာတဲ့ အချဥ်ရည်နဲ့ မထိစေအောင်
အမြင့်ပေါ်တင်ပြီး ထပ်ဖိ ထားပေးပါ။
အလေးကြီးလေ အသားကျစ်လေ ဖြစ်ပါမယ်။
၂ ညဖိထားပီးနောက် သရက်ချဉ်ရပါပီ။
_________________________________________________
မှတ်ချက်
**********
ကျမ စင်းနှီတုံးက ပုစွန်ချဥ်ဖိထားလို့
သရက်ချဥ်ကို ငရုတ်ဆုံနဲ့ ဖိပြထားတာပါ။
သရက်ချဥ်ထုပ် ပတ်ချာလည်ကို အုပ်မိမယ့်
စင်းနှီတုံးနဲ့ ဖိတာက ပိုကောင်းပါတယ်။
အလေးချိန်များရင်တော့
ပလတ်စတစ် အထူသား အိတ်ကြီးတွေနဲ့ လုပ်ပြီး
အပေါ်က ခဲကြီးများနဲ့ဖိပါ။
♦️၂ ညထပ် ပိုဖိထားရင် ( သို့ )
♦️ပထမရက် ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပီး
♦️ ထပ်ထွက်လာတဲ့ အရည်တွေနဲ့ သရက်သီးထုပ် ထိရင်
♦️ သရက်သီး ရိသွားတတ်ပါတယ်။
Credit to: Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
(၂) သရက်သီးစိမ်းငါးပိသုပ်ပြုလုပ်နည်း
ထွက်တိုးအသုံးပြုသူတောင်သူများထဲမှာ သရက်ပင် စိုက်ပျိုးထားတဲ့တောင်သူများရှိလား ခင်ဗျ။ ဒါဆိုရင်တော့ အပင်ပေါ်က သရက်သီးတွေကို ခူးပြီးငါးပိနဲ့ သုပ်စားဖို့အကြံပြုပါရစေ။ ဘာကြောင့်ဆိုတော့ သရက်သီအစိမ်းဟာ ဗီတာမင်စီကြွယ်ဝပါတယ်။ ကိုယ်ခန္ဓာတွင်းရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးပြီး အဆိပ်အတောက်လည်းဖယ်ရှားပေးပါတယ်။ ပါဝင်ပစ္စည်း သရက်သီးစိမ်းနုနု.....၅လုံး မျှင်ငါးပိ....................၁ဇွန်း ဆား........................အနည်းငယ် ငါးငံပြာရည်..............အနည်းငယ် ငရုတ်လှောိမှုန့်.........၁ဇွန်း(လက်ဖက်ရည်ဇွန်း) သကြား...............၁/၄ ဇွန်း ငရုတ်သီးစိမ်း............၅တောင့် ပထမဆုံးအစေ့မရှပ်သေးသောသရက်သီးစိမ်းကိုရွေးချယ်ပြီးထက်ခြမ်းခွဲအစေ့ထုတ်ပါ။ မိမိနှစ်သက်တဲ့အရွယ်လေးလှီးပြီးရေအေးစိမ်ထားပါ။ ငါးပိကိုဇွန်းပြားမှာကပ်ပြီးမီးကင်သလို..ငရုတ်သီးစိမ်း ကိုလည်းကင်ပြီးညှက်အောင်ထောင်းပါ။ သရက်သီးစိမ်းတွေကိုရေစစ်ပြီး..မီးဖုတ်ထားတဲ့ငါးပိကိုချေထည့်၊ထောင်းထားတဲ့ငရုတ်သီးနှင့်..ကျန်ပါဝင်ပစ္စည်းတွေ ရောထည့်နယ်ပြီး..ချက်ချင်းသုံးဆောင်ပါ။ အရသာအပြင်း၊အပျော့ကိုမိမိနှစ်သက်သလိုချိန်ညှိပါ။
(၃) သရက်ပျဥ်ပြုလုပ်နည်း
သရက်သီးအမှည့်များကို အခွံခွာပြီး အသားများကို ကြိတ်စက်ထဲတွင် ထည့်ကြိတ်ပါ။
ရလာသည့် အနှစ်များအား ဒယ်အိုးထဲထည့်၍ မီးနိုင်နိုင်ထည့်ကာ တစ်နာရီခန့် အဆက်မပြတ် မွှေပေးပါ။ သရက်သီးအချိုလေးစေရန်အတွက် ဆားအနည်းငယ် ထည့်ပေးပါ။
သရက်သီး အနှစ်များပြစ်လာပါက လင်ဗန်း သို့ စကော တွင် ထည့်အအေးခံပြီး ခြောက်သွေ့အောင် နေပူလှန်းပေးပါ။
ခြောက်သွေ့သွားပါက ဘူးထဲထည့်ပြီး စားသုံးနိုင်ပါပြီ။
#Crd to Original Uploader
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857