မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်တို့သည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သည့်ငလျင်ကြီး ၂ ကြိမ်(၇.၇) နှင့် (၆.၇)တို့ကို ခံစားခဲ့သည့် တိုင်းများဖြစ်ပါသည်။
မန္တလေးတိုင်းအတွက် နောက်လာမည့် ၇ ရက် မိုးလေဝသအခြေအနေခန့်မှန်းပေးရာတွင် အောက်ပါတို့ကိုထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပါမည်-
(၁) ငလျင်ဒဏ်ကြောင့်ထိခိုက်ထားပြီးသည့် အပေါ်ယံမြေထုလွှာအက်ကွဲပြီး(စိုက်ပျိုးမြေပျက်စီးခြင်း)၊
(၂) မြေအောင်းရေတိုးခြင်း(Liquefaction)ကြောင့်မြေဆီလွှာအတွင်း ရေဓါတ်များနိုင်/ဆုတ်ယုတ်နိုင်ခြင်းနှင့်
(၃) ဘင်္ဂလားပင်လယ်အော်တွင် လတ်တလောဖြစ်ပေါ်လျှက်ရှိပြီး အထက်လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအတွင်းသို့ဆက်လက်ဝင်ရောက်ကာ မိုးများနိုင်မည့် ကြိုတင်ခန့်မှန်းချက်များရှိနေခြင်း .. စသည်အခြေအနေများကြောင့်
မန္တလေးတောင်ဘက် ကျောက်ဆည်/ကူမဲနှင့် မြောက် ဘက် စဉ့်ကူးနယ်များအပါအဝင် မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ဧပြီ ၁၁ ရက် မှ ၁၉ - ၂၀ ရက်များအထိ မိုးဆက်ရွာနိုင်ပြီး မိုးအသင့်အတင့်မှမိုးများနိုင်ပါမည်။ မိုးများပြီးမြေအစိုဓါတ်များလာခြင်းကြောင့် မြေအိ/မြေကျွံခြင်းများဖြစ်ရန် ပိုမိုလွယ်ကူနိုင်သည်ကို သတိထားကြရပါမည်။
Weather source: U Win Naing
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးရာတွင် အထွက်တိုးစေရန်အတွက် ရွက်ဖျန်း အားဆေးများကို နှစ်ကြိမ်ပက်ဖျန်းပေးရန်လိုအပ်ပါသည်။
- ပထမအကြိမ်အနေဖြင့် နှမ်းပင်(၂၀-၄၀)ရက် သားတွင် အမိုင်နိုအက်ဆစ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖောရက်များသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်း ပေးခြင်းဖြင့် နှမ်းပင်စည်တောင့်တင်း တုတ်ခိုင်သန်မာ၍ အပင်ကြီးထွားမှုကောင်း၊ အပွင့်အားကောင်းပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်စေပါသည်
- ဒုတိယအကြိမ်အနေဖြင့် နှမ်းပင်(၄၅-၅၀)ရက်သား ပန်းပွင့်စုံဖြိုင်ချိန် တွင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ နှင့် အခြားသော အနဲလိုအာဟာရဓာတ်များ ပါသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးခြင်းအားဖြင့် ပန်းပွင့်များမကြွေကျဘဲ အညှာခိုင်ကာ ပန်းပွင့်တိုင်း သန္ဓေအောင်၍ အစေ့အဆံ ပြည့်ဝအောင်မြင်သော သီးရှဉ်းများများတင်စေပါသည်။
- ထို့အပြင် နှမ်းပင်များ ဟုန်ခြင်းမှကင်းဝေးစေပြီး အစေ့အစံ ကြီးထွားစေလိုပါက Mepiquat chloride ပါသော အပင်ဟော်မုန်းဆေးကို ပန်းမပွင့်မှီနှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပက်ဖျန်းပေးနိုင်ပါသည်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ငါး/ပုစွန်ကန်များတွင် အောက်ပါအချက်များကို သတိပြုနိုင်ရန် အကြံပြုအပ်ပါသည်-
၁။ အပူချိန်ရှော့(temperature shock) ဖြစ်ခြင်းကို ငါးများ ခံစားနိုင်ပါသည်။ ကန်ရေအနက်ကို ၅ ပေခွဲ၊ ၆ ပေထားရှိရန် လိုအပ်ပါသည်။
၂။ မိုးရွာနေစဉ်အတွင်း အစာကျွေးခြင်းကို ရှောင်ရှားပြီး နေပွင့်ချိန်သာ ကျွေးသင့်ပါသည်။
၃။ မိုးရွာပြီးနောက် ကန်ရေသြဇာကျဆင်းနိုင်ပါသဖြင့် မိမိကန်ကို စစ်ဆေးပေးရန် လိုအပ်ပါသည်။
၄။ ကန်ရေသြဇာကျဆင်းပါက ရေသြဇာပြန်တက်ရန် ဓာတ်မြေသြဇာ ပြန်ကျွေးရန်လိုအပ်ပါသည်။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437