အကောင်းဆုံးသော ပိုးမွှားရောဂါကာကွယ်နည်း ဆိုတာ
ပြီးခဲ့တဲ့နှစ်ကုန်ခါနီးလောက်က ကျေးရွာအချို့ကို တဧက ကုန်ကျ စရိတ်နဲ့ပတ်သက်ပြီး ၃နှစ်စာ စစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ် အခုထိတော့ လက်စမသတ်ရသေးပေမဲ့ တောင်သူတွေနဲ့ စကားပြော မေးမြန်းချက်အရရော သူတို့ ဆီက အဖြေတွေ နားထောင်ရင်းနဲ့ရော စိုက်ပျိုးရေးကုန်ကျစရိတ်များလာရခြင်းထဲက အကြောင်းအရင်း အချို့ကို သိခဲ့ရတယ်။ အဓိကကတော့ အခုခေတ်အခြေအနေအရ စိုက်ပျိုးရေးသွင်းအားစုတွေတန်ဖိုးက မြင့်လာတာ လက်ခံလို့ရပါတယ်။ တခုကတော့ တောင်သူတွေရဲ့ အစိုးရိမ်လွန်တာရယ်၊ နည်းစနစ်တကျ အသုံးမပြုတာရယ် ရာသီဥတုဖောက်ပြန်တာတွေရယ်ကြောင့် ပိုးမွှားရောဂါနဲ့ ပေါင်းမြတ် ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုတဲ့ကုန်ကျစရိတ်ကတော့ တနှစ်ထပ် တနှစ် များလာတာကို တွေ့ရပါတယ်။ ဘာလို့လဲ။ ဒါတွေသုံးလိုက်လို့ အမှန်တကယ် အကျိုးအမြတ်ရခဲ့ရဲ့လား။ အရှုံးအမြတ်ကို တွက်ကြတဲ့အခါ အရှုံးနဲ့ တွေ့ရတဲ့ တောင်သူခပ်များများ ပါ။ အဓိက ကတော့ တောင်သူ အငယ်တွေပါပဲ။ တောင်သူအကြီးတွေကတော့ အရင်းအနှီးများလို့ သေချာ ဂရုစိုက်လုပ်လို့ အရှုံးအချို့ကို ပြန်ဆယ်နိုင်တယ်ပြောနိုင်ပေမဲ့ ရေရှည်တွက်ကြည့်ရင် အမြတ်မရှိပါဘူး ဘာလို့လဲ ဆို ပတ်ဝန်းကျင်ဂေဟ စနစ်ပျက်စီးသွားလို့ပါ။
ဒါကြောင့် အကောင်းဆုံးသော ပိုးမွှားရောဂါကာကွယ်နည်းဆိုတာ ဘာပါလဲ။
နားလည်အောင်ပြောရရင် ကုန်ကျစရိတ်သက်သာပြီး အဖျက်ကောင်လို့ နာမည်တပ်ရမဲ့ ပိုးမွှားရောဂါ နဲ့ ပေါင်းမြက်တွေ ထိန်းချုပ်ဖို့နည်းလမ်းပေါ့။ ဒါဟာ ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး ဒါပေမဲ့ ဒီနည်းက လိုက်နာဖို့ ခက်ခဲပါတယ်။ အကောင်းဆုံးသော ပိုးမွှာရောဂါ ကာကွယ်နည်း ဆိုတာ ကိုယ့် စိုက်ခင်းကို နေ့စဥ် ကွင်းဆင်းစစ်ဆေး စောင့်ကြည့်တတ်ဖို့ပဲဖြစ်ပါတယ်။
ဒါဟာ ကိုယ့်စိုက်ခင်းမှာ ထိရောက်တဲ့ ပိုးမွှားရောဂါ ထိန်းချုပ်ခြင်း လုပ်ငန်းအဆင့်ဆင့် မသွားခင်မှာ အခြေခံကျတဲ့ အလေ့အကျင့်တခုပဲ ဖြစ်တယ်။ နေ့စဥ် မဟုတ်တောင် မကြာခဏ ကွင်းဆင်းစစ်ဆေးပေးတာဟာ ရောဂါ ပိုးမွှားကျတဲ့အခါ ကျရောက်တဲ့နေရာ ကျရောက်တဲ့ပိုးမွှားနဲ့ ဖျက်စီးတဲ့ ပမာဏကို အချိန်မီသိနိုင်လို့ ကာကွယ်တာတွေ နှိင်နင်းတာတွေကို အချိန်မီ လုပ်ဆောင်နိုင်ပါမယ်။ ဥပမာ-ကိုယ်က နေ့စဥ် ကွင်းထဲသွားဖြစ်တယ်ဆိုပါဆို ကံဆိုးစွာနဲ့ ကိုယ့် စိုက်ခင်းမှာ တခုခု မူမမှန်တာကိုတွေတဲ့အခါ ချက်ချင်းဝေဖန်ပိုင်းခြားပြီး ထိန်းချုပ်မှု့ လုပ်နိုင်ခဲ့တယ်ဆိုပါစို့ ကံကောင်းစွာနဲ့ တခြားစိုက်ခင်းတွေဆီ အများအပြားမပြန့်နှံအောင် ကာကွယ်လိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ ပိုးမွှားရောဂါမှ မဟုတ်ပါဘူး ။ မြေသြဇာ လိုအပ်မှု့၊ ရေသွင်း ရေထုတ် လုပ်ငန်းတွေ၊ အစကပြောသလိုပဲ ပေါင်းမြက်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းတွေကို အချိန်မီလုပ်ဆောင်နိုင်မှာပဲဖြစ်တယ်။ တောင်သူဟာ အချိန်တော်တော်ကြာမှ အခင်းထဲရောက်ဖြစ်မယ်ဆိုရင်တော့ အစက ၁ ဧက စာလောက် ကုန်ကျစရိတ် လိုအပ်မယ်ဆို နောက်ကျမှ ထိန်းချုပ်နိုင်တဲ့အတွက် ဧက များများ အတွက် ထိန်းချုပ်ဖို့ ပိုမို ကုန်ကျရမှာ ဖြစ်ပြီး အကယ်၍များ ထိန်းချုပ်ရမဲ့ဆေးက စျေးကွက်မှာ မရခဲ့ဘူး ၊ လိုအပ်တဲ့ ပမာဏဝယ်ယူဖို့ အရင်းအနှီးမလုံလောက်လို့ ရတဲ့ ပမာဏနဲ့ပဲ ထိထိရောက်ရောက်မထိန်းချုပ်နိုင်ခဲ့ဘူးဆို တောင်သူအနေနဲ့ မိအေး ၂ ခါနာရတော့မှာပါ။
ဒါတွေက တကယ် တောင်သူ ဘဝမှာ အမြဲကြုံတွေနေရတာပါ။ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက အချိန်လွန်မှ လာလာမေးတတ်တဲ့ တောင်သူတွေကို စိုက်ခင်းရဲ့ ပျက်စီးမှု့ အခြေ အနေကို စီးပွားရေးအရ ထိခိုက်မှု့ ရှိမရှိ လေ့လာ ဆန်းစစ်ပေးပြီး လိုအပ်တဲ့ လမ်းညွှန်မှု့ပေးနိုင်ပေမဲ့ တချို့အချိန်လွန်တဲ့တောင်သူတွေ ဆိုရင်တော့ ဘာ ထိန်းချုပ်မှု့မှ မပေးစေတော့ပဲနဲ့ အခင်းကို သိမ်းလိုက်တာ နောက်တရာသီအတွက် သေချာ လေး ကြိုတင်ပြင်ဆင်စေတာမျိုးပဲ လုပ်ခိုင်းပါတော့တယ်။ လွန်နေတာကို အတင်းကြီး ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့ ရတဲ့ အမြတ်နဲ့ ကုန်ကျစရိတ်တွက်တဲ့အခါ တောင်သူက အကြွေးနွံနစ်တာပဲ ကျန်ခဲ့တာ များလို့ပါ။
နေ့စဥ်ကွင်းထဲသွားတာတော့ ဟုတ်ပါပြီ စနစ်တကျ စစ်ဆေးတတ်ဖို့လည်း လိုပါသေးတယ်။ ကွင်းထဲသွားတယ် တခုခု မူမမှန်နေတာတွေ့တယ် ပထမဦးဆုံး လုပ်ရမှာက ပိုးလား ရောဂါ လား ခွဲခြားပါ၊ ပိုးလားရောဂါ လား သိရပြီဆိုရင်လည်း ပျက်စီးမှု့ လဏ္ခာ ကြည့်ပြီး အမျိုးအစား ထပ်ခွဲခြားရပါမယ်။ နောက်တဆင့်က ပျက်စီးတဲ့ ပမာဏနဲ့ ပိုးကောင်းအရေအတွက်ကို စစ်ဆေးရပါမယ်။ ဥပမာ - စိုက်ခင်းထဲ ကြွက် ၁ ကောင် မြင်တွေ့ တယ်ဆိုပါစို့ ကြွက်ရဲ့ စီးပွားရေး အရ ထိခိုက်နိုင်မှု့က ၁၀၀ % ပါ ချက်ချင်း ထိန်းချုပ်မှု့ လုပ်ရပါမယ်။ တချို့ ပိုးမွှားရောဂါ တွေကတော့ ၁ ကောင် ၂ ကောင် တွေ့ရုံနဲ့ ဆေးသုံး ဖို့ မလိုအပ်ပါဘူး ။ ဒါကို နားလည်စေချင်တာပါ။ နောက်တစ်ခါ ကာကွယ်နှိမ်နင်းဖို့ပါ။ ဥပမာ- ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ရောဂါတွေဟာ သယ်ဆောင်သူ ဖြုတ်တွေ၊ ယင်ဖြူတွေကြောင့် ဖြစ်တာ ဖြစ်ပြီး ဒါကို ထိန်းချုပ်မယ်ဆိုရင်တော့ ရောဂါ သယ်ဆောင်သူ ပိုးမွှားကို အရင် သတ်ပြီးမှ ရောဂါ ထိန်းချုပ်ဆေးသုံးပေးရမှာပါ။ ဒါကြောင့် ဘယ်လို ထိန်းချုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း နားလည်ပြီး စနစ်တကျ လိုက်လုပ်တတ်ဖို့ လို့ပါတယ်။ အကယ်၍များ ရောဂါကို အရင်ထိန်း ချုပ်တယ်ဆိုပါစို့ ရောဂါသယ်ဆောင်သူ ဟာ တခြားအခင်းတွေစီပြောင်းပြီး စားကျက်ချပါလိမ့်မယ်။ ဒါကြောင့် တကယ်နားလည်တဲ့ ပညာရှင်နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပါ။
နောက်ဆုံး တခုက ပြန်လည် ဆန်းစစ်ခြင်းပဲ ဖြစ်တယ်။ တောင်သူဟာ ဆေးဖျန်းပြီးပြီ နဲ့ ရပ်လို့မရပါဘူး ထိန်းချုပ်မှု့က ထိရောက်ရဲ့လား ဆန်းစစ်ကြည့်သင့်ပါတယ်။ ဒါမှသာ ထိရောက်တဲ့ ထိန်းချုပ်မှု့ဖြစ်မှာပါ။
သဘာဝကြီးက အမျိုးမျိုး လှည့်စားတတ်တာမို့ အနာနဲ့ ဆေးတည့်တာ ရှိသလို လွဲချော်တာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် နောက်ကြောင်းပြန်စစ်ဆေးပါ။ လိုအပ်ရင် နည်းလမ်းပြောင်းရပါမယ်။ မလိုအပ်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီအချက်ကို လုပ်ဆောင်ဖို့လည်း တောင်သူက မေ့တတ်ပါတယ်။ စိုက်ဖို့အတွက် မြေပြင်တာနဲ့ စပြီးကုန်ကျရပြီမို့ အမြတ်ရဖို့က ကိုယ့်ရဲ့ စနစ်တကျ လုပ်ဆောင်တတ်မှု့ပဲ ဖြစ်ပါတယ်။ မအားဘူး မလုပ်ဆောင်နိုင်ဘူး ဆိုရင်တော့ စပါးစိုက်ပြီးရောဂါပိုးမွှားနဲ့ ပေါင်းမြက် နေထိုင်ရာအိမ် လုပ်မဲ့အစား မြေသြဇာ ပိုကောင်းအောင် သစ်စိမ်းမြေသြဇာ စိုက်ပျိုးတာမျိုး မြေလှပ်ထားတာမျိုး ပြုလုပ်လိုက်ပါလို့ပဲ အကြုံပြုပါရစေ။ ဒါဟာ မြေကြီးကို ခဏအနားပေးပြီးမြေသြဇာ ကောင်းစေသလို ရောဂါ ပိုးမွှားရဲ့ ကွင်းဆက်ကိုလည်း ဖြတ်တောက်လိုက်သလို အကျိုးဖြစ်စေမှာပါ။
နောက်တခုကတော့ ကြိုတင်ကာကွယ်ခြင်းပေါ့။ တောင်သူက ကိုယ့်စိုက်ခင်းမှာ နှစ်စဥ်ကျရောက်တတ်တဲ့ ပိုးမွှားရောဂါကို သိနိုင်တဲ့ အတွက် ဒါကို ခံနိုင်တဲ့ မျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။
နောက်ပြီး စိုက်နည်းစနစ်တွေ ပြောင်းပြီး ကာကွယ်နိုင်ပါတယ်။ သဘာဝနည်းအတိုင်း မိတ်ဆွေပိုးတွေ လွှတ်ပြီး ဒါမှမဟုတ် ပွားများအောင်လုပ်ပြီး ကာကွယ်နိုင်ပါတယ်။ ဒီနေရာ သတိထားစေချင်တာ မိတ်ဆွေပိုးက လည်း ဖျက်ပိုးလို အင်းဆက်ပါပဲ ဖျက်ပိုးအတွက်သုံးတဲ့ဆေးက မိတ်ဆွေပိုးတွေကို ပိုပြီးသေစေပါတယ်။ ဒါကြောင့်ပဲ ဖျက်ပိုးကို ထိန်းချုပ်မဲ့ မိတ်ဆွေပိုးပမာဏ စိုက်ခင်းထဲမှာလောက်ငှစွာမရှိတော့လို့ တောင်သူဟာ ၁ နှစ် ထပ် ၁ နှစ် ပိုပို ပြီး ပိုးသတ်ဆေး၊ ရောဂါ သတ်ဆေး ကို အဆ ပိုပိုပြီး သုံးလာရတာကို သတိချပ်စေချင်ပါတယ်။ နောက်တခုက အလင်းထောင်ချောက် လုပ်တာ ၊ရေသွင်းရေထုတ်လုပ်တာ၊ ထောင်ချောက်ပင် စိုက်ပျိုးတာမျိုးနဲ့ ကာကွယ်ရပါတယ်။ နောက်ဆုံး... နောက်ဆုံးမှ လိုအပ်ရင် ဓါတုဆေးဝါး သုံးဖို့ ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်။ မလိုအပ်ပဲ ဆေးကြိုတင်မသုံးပါနဲ့ ဆေးယဥ် သွားတဲ့အခါ ပိုးမွှားရောဂါ တကယ် ကျရောက်လာရင် ထိရောက်တဲ့ ထိန်းချုပ်မှု့ မဖြစ်နိုင် တော့ပါဘူး။ ကာကွယ်ချင် သပါ့ ဆိုလျှင်တော့ သဘာဝ ပိုးမွှားရောဂါ သတ်ဆေးကို ပဲ သုံးပါ။
အနှစ်ချုပ်ပြောပြရမယ်ဆိုရင်တော့ အထက်ပါ ထိရောက်တဲ့ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းဆိုတာ တောင်သူတွေကိုယ်တိုင် မိမိ စိုက်ခင်း အခြေအနေကို သိရှိနိုင်ဖို့ နေ့စဥ် ကွင်းဆင်းစစ်ဆေး စောင့်ကြည့်ခြင်းပဲဖြစ်ပါတော့တယ် ။ ဒါက လွယ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက လိုက်နာဖို့ရာ ခက်ပါတယ်။ အမူအကျင့်ကောင်းတွေကိုမွေးမြူရင်း တောင်သူတွေ အထွက်တိုးနိုင်ကြပါစေ။
မေ့ရင်သွေး
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857