ပဲခူးတိုင်း မေလ ၆ ရက် မှ မေလ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ
ပဲခူးတိုင်းအတွက် လာမည့် ရက်သတ္တပါတ် ၁ ပါတ်အတွင်း မေလ ၁၀ ရက်အထိ ရာသီဥတုသာယာချိန်များပြီး မိုးနည်းနေပါမယ်။
မေလ ၁၁ ရက်မှ စ ပြီး မုတ်သုံမိုးဦးစတင်ရွာသွန်းနိုင်တာ၊ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မှာ စ တဲ့ အခြေအနေတွေကြောင့် ပုံမှန်မိုးရာသီမိုးရွာသွန်းခြင်း စ တော့မယ်လို့ခန့်မှန်းရပါတယ်။
မေလ ၁၁ ရက်နောက်ပိုင်း နေ့အပူချိန်များစတင်ကျဆင်းပြီး အနိမ့်ဆုံးအပူချိန် ၂၅°C ရှိလာနိုင်ပါတယ်။ မိုးရာသီအတွင်း လေထုစိုထိုင်းဆမြင့်တက်နေမှာကြောင့် ခံစားရတဲ့အပူချိန် ၄၀°C ဝန်းကျင်အထိရှိနေနိုင်တာကြောင့် သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များအတွက် နေ့လည်နေ့ခင်းအပူချိန်ခံစားရတာ မြင့်နေနိုင်တာကိုတော့ သတိရှိကြစေချင်ပါတယ်။ အခု ၁ ပါတ်အတွင်းမှာ ပဲခူးတိုင်းအနောက်ခြမ်းက အပူချိန်ပိုမိုနေနိုင်ပြီး မိုးရွာရင်လည်း အနည်းငယ်ပိုများနိုင်ကြောင်း ပုံ မှာတွေ့ရပါမယ်။
ဒီတပါတ်အတွင်းမှာတောင်ဘက်က လေတိုက်နှုန်း တနာရီ ၈ မိုင်မှ ၁၀ ခန့်အထိ တိုက်ခတ်နိုင်ပါတယ်၊ မိုးတိမ်တောင်ကြီးများရွေ့လျားဝင်ရောက်လာတဲ့အချိန် ရုတ်တရက်မိုးပြိုကျတာ(စိုက်ဆင်းလေပြင်း)တိုက်ခတ်နိုင်တာကိုလည်း သတိရှိကြရပါမယ်။
မေလ ၁၂ ရက်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ ထူးခြားမိုးလေဝသအခြေအနေသတင်းကိုလည်း မပြတ်နားစွင့်ပေးကြစေချင်ပါတယ်။
U Win Naing
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဟင်းသီးဟင်းရွက်(ခြံ)စိုက်နေကြသောတောင်သူများအတွက်
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
ငရုတ်၊ တိုင်ထောင်ပဲ၊ခရမ်း စသည်တို့တွင် ယင်ဖြူ၊လှေးကျနေသည်ဟု အမေးများလာတဲ့အတွက် ယင်ဖြူ၊ လှေးနဲ့ပတ်သတ်သော ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
လှေးပိုးသည် အပူချိန်မြင့်ပြီး စိုထိုင်းဆနည်းတဲ့အခြေအနေကိုကြိုက်နှစ်သက်ပြီး၊ ယင်ဖြူသည် အပူချိန်မြင့်ပြီးစိုက်ခင်းစိုထိုင်းဆများတာကိုကြိုက်နှစ်သက်ပါတယ်။
ဒါကြောင့် ထိုဖျက်ပိုးများကျရောက်ပါက စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပါ။
ပေါင်းမြက်ရှင်းတာ မဖြစ်မနေလုပ်ပေးပါ၊ ပုလဲနိုက်ထရိုဂျင်မြေသြဇာ၊ နိုက်ထရိုဂျင်ရွက်ဖျန်း အလွန်အကျွံသုံးတာကိုရှောင်ပါ။
ဓာတုဆေးအနေနဲ့ Spinosad, Spirotetramat, Fipronil, Acetamiprid, Thiamethoxam, Abamectin တို့လိုဆေးမျိုးကိုရွေးချယ်နိုင်ပါတယ်။
ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်
ငါး၊ ပုစွန်ကန်များအတွင်း ကပ်ပါးပိုးမရှိအောင် ဆောင်ရွက်ဖို့ အကြုံပြုလိုက်ပါတယ်။
- ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။
- ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။
- ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။
- ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့်ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။Source: deheus myanmar
ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437