မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
မကွေးတိုင်း မေလ ၁၄ ရက် မှ မေလ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ
မကွေးတိုင်းအတွင်းက မကွေး၊ အောင်လံ(မြေဒူး)၊ တောင်တွင်းကြီး၊ နတ်မောက်၊ မင်းတုံး၊ ဂန့်ဂေါ၊ သရက်၊ ကံမ စတဲ့ မြို့နယ်/ခရိုင်တွေမှာ မေလ ၁၅ ရက်၊ ၁၆ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်တွေမှာတော့ - ၂၄ နာရီအတွင်း မိုးရေချိန် ၄၅ မီလီမီတာ(၂ လက်မခန့်)ရွာသွန်းနိုင်ပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာမဲ့ မိုးတိမ်တွေပမာဏပြောင်းလဲမှုရှိရင်တော့ မိုးအနည်းအများကွာခြားသွားနိုင်ပါတယ်။ မိုးတိမ်ဖြစ်ထွန်းနိုင်ခြင်းက မေလ ၂၆ ရက်အထိ ဆက်ရှိနေနိုင်ပြီး မိုးအနည်းငယ်မှ အသင့်အတင့်ဆက်လက်ရွာသွန်းနေနိုင်ပါတယ်။
မကွေးတိုင်းအတွင်း အမြင့်ဆုံးအပူချိန် ၃၆°C မှ ၃၂°C အထိကျဆင်းလာနိုင်ပြီး အနိမ့်ဆုံးအပူချိန်(ညအပူချိန်)၂၆°C ရှိနိုင်ပါမယ်။ မေလ ၁၄ ရက်နေ့မှ စတင်ကာ လေထုစိုထိုင်းဆမြင့်တက်နေနိုင်ပါမယ်။ တောင်/အရှေ့တောင်ဘက်မှ လေပြင်း တနာရီ ၂၃ မိုင့်အထိ တိုက်ခတ်နိုင်ပြီး မိုးတိမ်တောင်ကြီးများရွေ့လျားဝင်ရောက်လာတဲ့အခါ စိုက်ဆင်းလေပြင်းတိုက်ခတ်နိုင်တဲ့အန္တရာယ်နဲ့ မိုးကြိုးပစ်နိုင်မဲ့အန္တရာယ်တွေကို သတိထားကြဘို့လို့ပါတယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မကွေးတိုင်းဒေကြီးတွင် မြေပဲစိုက်တောင်သူများ အထူးဂရုပြုကာကွယ်နှိမ်နင်းရမည့် မြေပဲဖျက်ပိုးမှာ ဖိုးလမင်းကျိုင်း ဖြစ်သည်။ဖိုးလမင်းကျိုင်း၏ သားလောင်းများသည် မြေပဲပင်၏ အမြစ်များကိုကိုက်ဖြတ်စားသုံးကြသည့်အတွက် အပင်ငယ်စဥ်မှာ အပင်ဝါပြီး ညှိုးသွားတတ်သည်။ အကောင်ကြီးအဆင့်တွင် မြေပဲပင်၏အမြစ်များကိုသာမက မြေပဲအရွက်နှင့်အတောင့်များကိုပါ ဆိုးရွားစွာ ကိုက်ဖြတ်စားသုံး လာကြပါသည်။ မေ (သို့) ဇွန်လများတွင် ပိုမိုဆိုးရွားစွာဖျက်ဆီးတတ်ကြသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
၁. လှုပ်ခါယမ်းပြီး မြေပေါ်ကျလာတဲ့ အရွယ်ရောက် ကျိုင်းကောင်များကို ကောက်ယူဖျက်ဆီးပေးပါ။
၂. မီးထောင်ချောက်များနဲ့ အရွယ်ရောက် ကျိုင်းကောင်များကို မျှားခေါ်ပြီး ဖယ်ရှားနှိမ်နင်းနိုင်ပါတယ်
၃. ပေါင်းကင်းရှင်းအောင် ထားပါ။
၄. သီးလှည့်စိုက်စနစ် အသုံးပြုပေးပါ။
၅. စိုက်ခင်းကို ထယ်ရေးနက်နက်နှင့် ထွန်းရေးညက်အောင် မြေပြုပြင်ပါ။ မိုးရာသီလယ်မြေများတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။
၆.ဓာတုနည်းဖြင့်ကာကွယ်လိုပါကစိုက်ပျိုးမြေပြုပြင်ချိန်ကတည်းက Thiamethoxam, Dinotefuran, Fipronil ထည့်ပြီးမြေပြုပြင်ပေးပါ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။
#အစာပမာဏကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း
- အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။
- ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။
- အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့် Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။
ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437