လေခြူ၊ လောင်ဂန်၊ တရုတ်ဇီးသီး ၊ တောကြက်မောက်သီး စိုက်ပျိုးခြင်း
ကချင်ပြည်နယ် မိုးညှင်းမြို့က အရသာလည်းချို ဈေးလည်းချိုတဲ့ ဆေးဖက်ဝင်သော အသီးလေးအကြောင်း
ဒီအသီးလေးကိုတော့ ဒေသအလိုက်… လေချူ သီး ၊ တရုတ်ဆီးသီး ၊ သမင်မျက်လုံးသီး ၊နှင်းသီး၊ လုန်အန်းသီး (တရုတ်အခေါ် နဂါးမျက်လုံးသီး) ၊သကြားသီး၊ တောကြက်မောက်သီး ၊ စစ်ကိုင်းသီး ၊ လောင်ဂန်သီး စသည်ဖြင့် အမည်အမျိုးမျိုးခေါ်ကြပါတယ်။ မြန်မာ၊ တရုတ်တောင်ပိုင်း၊ အိန္ဒိယအနောက်တောင်ပိုင်း၊ သီရိလင်္ကာနဲ့ အင်ဒိုချိုင်းနားဒေသတွေမှာ ပေါက်ရောက်ပါတယ်။ တရုတ်တွေက လုန် = နဂါး၊ အန်း = မျက်လုံး (နဂါးမျက်လုံးအသီး)လို့ ခေါ်ပြီး အဲဒီ လုန်အန်းဆိုတဲ့စကားကို မြန်မာတွေက လောင်ဂန်သီးလို့ အသံထွက်ကြတာပါ။
လောင်ဂန်သီးဟာ အစာအိမ်ရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ သွေးလေချောက်ချားစိတ်ကျရောဂါ၊ အစာမျိုလမ်းကြောင်းရောဂါတွေကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး အာရုံကြောစနစ်တွေကိုလည်း နိုးကြားစေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်။ တရုတ်ရှေးဆေးပညာသီအိုရီအရ လောင်ဂန်သီးဟာ နှလုံးကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။ လောင်ဂန်သီးဟာ အလှအပအတွက်လည်း အထူးကောင်းမွန်တဲ့အသီးပါ။
အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး အသားအရေကို နိုပျိုစေပါတယ်။ အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေပြီး ခံတွင်းဆိုင်ရာပြဿ နာတွေကိုလည်း ဖြေရှုင်းပေးနိုင်ပါတယ်။ ဗီတာမင် C မြင့်အားများစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်လည်း အအေးမိ ဖျားနာတာမျိုး အလွယ်တကူဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်းနဲ့ သံဓါတ်မြင့်မားစွာပါဝင်ပြီး သွေးအားရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။
သွေးကို အဟာရဓါတ်ဖြည့်ပေးနိုင်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင်အစာအိမ်နာတာ၊ အိပ်မပျော်တာ သတိမေ့ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ချိုတယ် အရသာရှိတယ် ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဒီအသီးကို အများအပြားမစားသင့်ပါဘူး။ အပူဓါတ်မြင့်မားလို့ သန္ဓေသားမူမမှန်တာလည်း ဖြစ်စေပါတယ်။
မျက်လုံးကိုကျန်းမာစေရုံသာမက ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ကြေးနီဓါတ်ပါဝင်လို့ စားပေးသင့်တဲ့အသီးတစ်မျိုးပါ။ ကြေးနီဓါတ်ပါဝင်မှုနည်းရင် အရိုးပွရောဂါ အရိုးပျော့ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါ့ကြောင့် နဂါးမျက်လုံးသီး (သို့) လောင်ဂန်သီး မှာ ကြေးနီဓါတ်မြင့်မားစွာပါဝင်လို့ အရိုးကျန်းမာရေးအတွက်စားပေးသင့်ပါတယ်။ ဗီယက်နမ်တွေကတော့ လောင်ဂန်အစေ့ကို မြွေကိုက်တဲ့အခါမှာ ဆေးဝါးအဖြစ်သုံးကြတယ်။
လောင်ဂန်နဲ့ စီးပွားဖြစ်နေတဲ့နိုင်ငံတွေက ထိုင်း၊ တရုတ်နဲ့ အမေရိကန် (ဟာဝိုင်အီ၊ ဖလော်ရီဒါ) တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ကိုင်းတစ်မြို့တည်းမှာပဲ စီးပွားဖြစ်လောက်အောင် စိုက်ပျိုးတာ တွေ့ရတယ်။ စစ်ကိုင်းသီးက ထိုင်းထက် ၁ လခွဲလောက် စောသီးတယ်။ မေလလယ်လောက်ကနေ ဇွန်လကုန်လောက်အထိ အသီးထွက်တယ်။ ထိုင်းက ဇွန်၊ ဇူလိုင်လောက်မှ လှိုင်လှိုင်ပေါတယ်။
စစ်ကိုင်းကထွက်သမျှ တရုတ်ဝယ်လက်က အလုံးအရင်းနဲ့ ဝယ်လေ့ရှိတယ်။
အရွယ်ရောက်တဲ့ လောင်ဂန်ပင်တစ်ပင်ကနေ အသီးချိန် ကီလို ၂၀၀ ကျော်ရနိုင်တယ်။ ၂၀ ပေ x ၂၅ ပေ ပင်ခြားတန်းခြားစနစ်နဲ့ စိုက်ရင် တစ်ဧကကို ၈၇ ပင် အနည်းဆုံးဝင်မယ်။ အရွယ်ရောက်ပြီးသား တစ်ပင်ကို ကီလို ၂၀၀ သီးတယ် ... အပင် ၈၇ ပင်ဆိုရင် ကီလို ၁၇၀၀၀ ကျော်ပေါ့။
လောင်ဂန်က အပူချိန် ၄၀ ဖာရင်ဟိုက်ကနေ ၉၅ ဖာရင်ဟိုက်အကြား၊ မိုးရေချိန် ၄၅ လက်မမှသည် ၇၅ လက်မဝန်းကျင် (မိုးသိပ်များရင်မကြိုက်ဘူးဆိုတဲ့သဘော) ... ပင်လယ်အမြင့်ပေ ၃၀၀၀ အောက်၊ မြေချဉ်ကိန်း ၅.၅ ကနေ ၇.၅ အကြား၊ မြေအမျိုးအစား သဲဆန်မြေ၊ သဲနုန်းမြေ၊ ကျောက်ရောသဲဆန်မြေ (ကျောက်တောင်ကုန်းတွေမဟုတ်)၊ အငန်ဓါတ်မရှိတဲ့မြေ၊ ရေဆင်းကောင်းပြီး စိုထိုင်းဆကို ထိန်းထားပေးနိုင်တဲ့ မြေအမျိုးအစားကို ပိုပြီးနှစ်သက်ပါတယ်။
သူက လိုင်ချီးနဲ့ ကြက်မောက် မျိုးနွယ်မို့ လိုင်ချီး ကြက်မောက်ဖြစ်ထွန်းတဲ့ ဒေသတွေမှာလည်း ဖြစ်နိုင်တယ်လို့ ပြောရင်ရပါတယ်။ လိုင်ချီးနဲ့ကြက်မောက်က မိုးများပြီး အေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပြီး လောင်ဂန်က အပူကြိုက်ပုံရပါတယ်။ လောင်ဂန်မျိုးကို ကိုင်းထုပ်စည်း မျိုးပွားပင်ကိုစိုက်ရင် အသီးမြန်မြန်ရနိုင်တယ်။ အစေ့ပျိုးက ၅ နှစ်ကျော်မှ ပန်းပြပြီးသီးလိမ့်မယ်။ တချို့အပင်ဆို အနှစ် ၂၀ ကျော်မှ သီးတယ်။
လောင်ဂန်က Ever Green လို့ပြောရမယ်။ တစ်နှစ်ပတ်လုံးစိမ်းနေတဲ့ အရွက်တွေနဲ့။ အရိပ်ကလည်း အေးမြတယ်။ ဒီတော့ စီးပွားလည်းဖြစ် သဘာဝပတ်ဝန်းကျင်ကိုလည်း ပြုပြင်ပြီးသားဖြစ်စေနိုင်တယ်။ မိုးနည်း မိုးအသင့်အတင့်ဒေသတွေနဲ့ ကိုက်ညီတာကြောင့် အတော်အကျိုးရှိစေနိုင်ပါတယ်။
Credit --- My Food Myanmar
ဒေါက်တာချစ်
“လိမ္မော်နှင့်နှစ်ရှည်သီးပင်စိုက်ပျိုးရေး”