cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုးစာပင်စိုက်ပျိုးရေးနည်းစနစ်များ

. စိုက်ပျိုးနည်းစနစ်များ
ပိုးစာပင်စိုက်ပျိုးခြင်းကိုမိုးရေသောက်ဒေသများတွင်မေ၊ ဇွန်တွင်စိုက်ပျိုးနိုင်ပြီး၊ရေပေးသွင်းနိုင်ပါကဆောင်းရာသီမှလွဲ၍မည်သည့်အချိန်မဆိုစိုက်ပျိုးနိုင်ပါသည်။ မိုးရာသီကိုင်းဖြတ်ပြီးချိန်နှင့်ပိုးမွေးပြီးရေသွင်းချိန်တို့တွင်ဓါတ်မြေသြဇာထည့်ခြင်းကိုဆောင်ရွက်နိုင်သည်။
  • (က) မြေအမျိုးအစား

    မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်သော်လည်းရေဝပ်သောမြေ၊သဲဆန်သောမြေ၊ ရွှံ့စေးမြေများတွင်စိုက်ပျိုးရန်မသင့်ပါ။သဲနုန်းမြေကိုအနှစ်သက်ဆုံးဖြစ်သည်။မြေစေးပါဝင်မှု(၂၀-၄၀)% ရှိနုန်းမြေ။ချဉ်ငံဓါတ် pH (၆.၅ မှ ၇)ရှိသောမြေ။အပင်စုတ်ယူစားသုံးနိုင်သောမြေသားထုပါဝင်မှု(၂')အထက်ရှိသောမြေ။အပေါ်ယံမြေပါဝင်မှု(၁') ရှိသောမြေ။မြေအောက်ရေအနက်(၃')ထက်လျော့နည်းသောမြေတို့တွင်ပိုမိုဖြစ်ထွန်းသည်။ 

    (ခ) ရာသီဥတု

    အပူချိန်(၁၅ºCမှ၄၀ºC)အတွင်း စိုက်ပျိုးနိုင်သော်လည်း ဖွံ့ဖြိုးကြီးထွားမှုအတွက် အသင့်တော်ဆုံးမှာ (၂၀ºC နှင့် ၃၀ºC)ကြားဖြစ်သည်။ မိုးရေချိန်မှာတစ်နှစ်လျှင်(၄၀"မှ၁၀၀")ကြား ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။မိုးမလုံလောက်ပါက ရေသွင်း၍လည်းစိုက်ပျိုးနိုင်သည်။တစ်နေ့တာအလင်းရောင်လိုအပ်မှုမှာ(၉- ၁၃)နာရီ၊စိုထိုင်းဆမှာ(၆၅- ၈၀)%ဖြစ်သည်။

    ပိုးစာပင်စိုက်ပျိုးနည်းစနစ်နှင့်အပင်ပြုစုမှုလုပ်ငန်းများ

    ပိုးစာပင်စိုက်ပျိုးရန်မြေနေရာရွေးချယ်ခြင်း

    အောင်မြင်ဖြစ်ထွန်းသောပိုးစာခင်းဖြစ်ရန်ပိုးစာပင်စိုက်ပျိုးမည့် မြေနေရာကိုအောက်ပါအချက်များအားအထူးဂရုပြုရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါသည်။

    (၁) နေရောင်ခြည်နှင့်လေဝင်လေထွက်ညံ့သောသစ်တောနှင့်နီးစပ်သည့်နေရာများမှာရောဂါနှင့်ပိုးကျရောက်နိုင်ခြင်းကြောင့်မရွေးချယ်သင့်ပါ။

    (၂) အလွန်မတ်စောက်၍ကျောက်သားထူသောနေရာများကိုမရွေးချယ်သင့်ပါ။

    (၃) ပိုးမွေးရုံနှင့်အလှမ်းဝေးသောနေရာများမရွေးသင့်ပါ။

    (၄) ရေဝပ်၊ရေလွှမ်းသောနေရာများမရွေးချယ်သင့်ပါ။

    (၅) ပိုးသတ်ဆေး၊ဓါတ်မြေသြဇာသုံးစွဲမှုများသည့်သီးနှံစိုက်ခင်းများနှင့်နီးသောနေရာများမရွေးချယ်သင့်ပါ။

    (၆) လေတိုက်နှုန်းများသော နေရာဖြစ်ပါက၊လေကာပင်စိုက်ပျိုးနိုင်သောမြေအကျယ်ရှိရပါမည်။

    မြေပြုပြင်ခြင်း

    ဆောင်းကုန်နွေအကူးတွင် တောရှင်း၊ငုတ်တူး၊ကျွန်းခွေ၊မီးရှို့ခြင်းများဆောင်ရွက်ပြီး ထယ်ရေးကိုနက်နက်နှင့် ညက်ညက်ထွန်ပါ၊စိုက်ကျင်း(သို့)စိုက်မြောင်းများတူး၍ ဓါတ်မြေသြဇာနှင့်နွားချေးမြေသြဇာ၊မြေဆွေးများကိုထည့်၍စိုက်ပျိုးရမည်။တန်းကြားပင်ကြားကို(၂'x၂'(သို့)၃'x၁')စသည်ဖြင့်ထား၍အနက်(၂')ခန့်ဖြင့်တူးပြီးမြေဆွေးထည့်၍ ပျိုးပင်များချ၍ စိုက်နိုင်သည်။ယေဘုယျအားဖြင့် မြေအမျိုးအစားနှင့်အခြေအနေကို စစ်ဆေး၍မြေကောင်းပါက တစ်ဧကလျှင်နွားချေး(၁၀)တန်၊ ကွန်ပေါင်းမြေသြဇာ(၂)အိတ်နှုန်းထည့်ပေးရသည်။မြေချဉ်သောဒေသများတွင် ထုံးထည့်ပေးရမည်။ပိုးစာပင်မျိုးကွဲပေါ်မူတည်၍စိုက်စနစ်အမျိုးမျိုးဖြင့်တစ်ဧကလျှင် အပင်ဦးရေ(၁၀၀၀၀)မှ(၁၅၀၀၀)ပင်ခန့်ထိ စိုက်ပျိုးနိုင်သည်။အပင်ဦးရေများပါက အရွက်ထွက်များ၍ ပိုးမွေးကြိမ်ရေများများမွေးနိုင်သည်။

    ပိုးစာပင်စိုက်ပျိုးခြင်း

    ပိုးစာပင်စိုက်ပျိုးခြင်းကို အောက်ပါနည်းလမ်း (၂) မျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။

    (၁)တိုက်ရိုက်စိုက်ပျိုးခြင်း

    မျိုးကိုင်းများကိုသုံး၍စိုက်ပါကစိုက်ခင်းထဲတွင်တိုက်ရိုက်စိုက်ပျိုးနိုင်ပါသည်။(၆လမှ၈လ)ပိုးစာကိုင်းများ(လုံးပါတ်လက်ညှိုးအရွယ်)ကိုအဖူး(၂-၃)ဖူးပါကိုင်းများဖြတ်၍တစ်ကျင်းလျှင်(၂)ကိုင်းထိုး၍စိုက်နိုင်သည်။စိုက်စနစ်အလိုက်(၂')အကျယ်(၂')အနက်စိုက်ကျင်းတူး၍လည်းကောင်း၊(၁.၅')အကျယ်၊ (၂')အနက်မြောင်းများတူး၍လည်းကောင်း တစ်ကျင်းလျှင်(၂ )ကိုင်းနှုန်းဖြင့်စိုက်ပျိုးနိုင်ပါသည်။

    (၂)ပျိုးထောင်စိုက်ပျိုးခြင်း 

    ပျိုးအိတ်ဖြင့်စိုက်ခြင်းနှင့် ပျိုးဘောင်ဖြင့်စိုက်ခြင်းတို့ဖြစ်သည်။မျိုးစေ့နှင့်မျိုးကိုင်းများကို ပျိုးအိတ်တွင်လည်းကောင်း၊ပျိုးဘောင်တွင်လည်းကောင်းပျိုး၍အပင်ရှင်သန်၍ စိုက်ချိန်ရောက်မှစိုက်ခင်းတွင်ချ၍ စိုက်ခြင်းဖြင့်ရှင်သန်မှုနှုန်းကောင်းသည်။စိုက်ခင်းတွင်ပြောင်းရွှေ့စိုက်ပြီး၊အပင်သေများကိုဖာထေးရန်ပျိုးပင်များကိုအပိုဆောင်းစိုက်ပျိုးထားသင့်သည်။(၁၅'-၂၀ ' x ၂')ပျိုးဘောင်များတွင်မြေဆွေးနှင့်နွားချေးကိုဇကာချ၍နွေနှင့်ဆောင်းရာသီပျိုးပါက ဘောင်နိမ့်၊ မိုးရာသီပျိုးပါက ဘောင်မြင့်ပြုလုပ်၍ ပျိုးနိုင်သည်။မျိုးကိုင်းများကို ကိုင်းဖြတ်ချိန်များတွင်လည်းကောင်း၊မျိုးစေ့ကို ပိုးစာသီးမှည့်သည့်(မတ်-ဧပြီ)လများတွင်လည်း ကောင်းပျိုးထောင်ထားနိုင်သည်။

    စိုက်ပျိုးချိန်

    ပိုးစာပင်စိုက်ပျိုးခြင်းကိုမိုးရေသောက်ဒေသများတွင်မေ၊ ဇွန်တွင်စိုက်ပျိုးနိုင်ပြီး၊ရေပေးသွင်းနိုင်ပါကဆောင်းရာသီမှလွဲ၍မည်သည့်အချိန်မဆိုစိုက်ပျိုးနိုင်ပါသည်။အပူချိန်နည်းပါကအပင်ရှင်သန်မှုနှေးကွေးသည်။ 

    ပင်ကြားတန်းကြားအကွာအဝေး 

    တစ်ဧကဝင်ဆန့်သည့်အပင်ဦးရေနှင့်ပိုးစာရွက်အထွက်နှုန်းမှာတိုက်ရိုက်ဆက်စပ်လျက်ရှိရာတန်းကြားပင်ကြားအကွာအဝေးသည်အလွန်အရေးကြီးပါသည်။အရွက်ထွက်နှုန်းအများဆုံးရရှိရန်အပင်အရေအတွက်၊ ပိုးစာကိုင်းအရှည်၊ ကိုင်းအရေအတွက်တို့သည်လည်း ဆက်စပ်လျက် ရှိပါသည်။တဖန်ပိုးစာမျိုးကွဲများအလိုက်အပင်ဖြစ်ထွန်းမှုပုံစံအပေါ်မူတည်၍လည်းပင်ကြားတန်းကြားအကွာအဝေးများကို ချင့်ချိန်ရမည်ဖြစ်ရာတန်းကြားပင်ကြားစိတ်လွန်းပါကအပင်ကြီးထွားမှုညံ့ဖျင်းကာအရွက်အထွက်နှုန်းကျဆင်းနိုင်ပါသည်။နိုင်ငံပိုင်ပိုးစာခြံများတွင်စိုက်ပျိုးလျက်ရှိသောပင်ကြားတန်းကြားအကွာအဝေးမှာမြန်မာရွက်ကြီးနှင့်အခြားမျိုးများကို(၃ပေ x ၁၀-၁၂လက်မ)ဖြင့်လည်းကောင်း၊ KSS တရုတ်မျိုးများကို(၃ပေ x ၈-၁၀)လက်မဖြင့်လည်းကောင်းစိုက်ပျိုးလျက်ရှိပါသည်။ 

    ရွှေ့ပြောင်းစိုက်ပျိုးခြင်း

    အမြင့်(၃)ပေ၊လုံးပတ်(၁)လက်မခန့်ရှိ ပျိုးသက်(၆-၁၂ လ)ရှိပျိုးပင်များကိုအသုံးပြုစိုက်ပျိုးပါကရှင်သန်မှုအကောင်းဆုံးဖြစ်ပါသည်။ပျိုးဘောင်မှပျိုးပင်များကိုအမြစ်ထိခိုက်မှုမရှိအောင်စနစ်တကျတူးယူပြီးအရွက်များဖယ်ရှားခြင်း၊မြစ်ပွားများဖယ်ရှားခြင်း၊ရေသောက်မြစ်ကို (၈"မှ၁၂")ခန့်ချန်၍ ဖြတ်ပစ်ခြင်းများပြုလုပ်ပြီး စိုက်ပျိုးရမည်ဖြစ်ပါသည်။ပိုးမွေးမြူမှုများပါက ပိုးငယ်ဆင့်မွေးရန်ပိုးစာခင်းကိုသီးခြားစိုက်ပျိုးထားရမည်။အရွက်များအဟာရပြည့်ဝရန်၊လိုအပ်သောအငယ်ဆင့်အရွက်များလုံလောက်မှုရှိစေရန်၊ရောဂါနှင့်ပိုးကျရောက်မှုမရှိရန်၊နေရောင်ခြည်လုံလောက်စွာရရန်စနစ်တကျစိုက်ပျိုးထားသင့်ပါသည်။

    အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ

    စိုက်ခင်းတွင်ပျိုးပင်ဖြင့် စိုက်ပါကပျိုးသက်(၅လ-၆လမှ ၁နှစ်)ရှိသော အပင်များကိုစိုက်ပျိုးသည်။စိုက်ပျိုးပြီး(၃ပါတ်မှ၁ လ)ကြာလျှင်ပေါင်းရှင်းခြင်းဆောင်ရွက်ပေးရမည်။ဒုတိယအကြိမ်ပေါင်းရှင်းခြင်းကိုနောက် (၁လ)ခန့်တွင်ပြုလုပ်ပြီး၊ ဓါတ်မြေသြဇာကျွေးခြင်းကိုပါ ဆောင်ရွက်ပေးရမည်။အပင်ငယ်များပေါင်းမစီးရန်ဂရုစိုက်၍၊ပင်ခြေဘောင်လုံးခြင်းတို့ကို ဆောင်ရွက်ပေးရမည်။ရေဝပ်သောမြေနေရာမျိုးဖြစ်ပါက ရေစိမ့်စီးဆင်းမှုကောင်းစေရန် ရေထုတ်မြောင်းများဖောက်လုပ်ရန်နှင့် ခြောက်သွေ့သောမြေမျိုးဖြစ်ပါကအစိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်စေရန် mulching ပြုလုပ်ပေးရန်လိုအပ်ပါသည်။အပင်ရှင်သန်မှုကောင်းပါကစိုက်ပြီး (၈ လ၊ တစ်နှစ်)တွင်စတင်ပိုးမွေးနိုင်သည်။အပြည့်အဝပိုးမွေးခြင်းကိုအပင်(၂- ၃)နှစ်သားမှစ၍ဆောင်ရွက်နိုင်သည်။

    မြေသြဇာကျွေးခြင်း

    မြေအမျိုးအစားပေါ်မူတည်၍ပိုးစာပင်ကြီးများကိုနှစ်စဉ်တစ်ဧကတွင်ယူရီးယား(၂)အိတ်မှ(၆)အိတ်၊တီစူပါ(၁)မှ(၃)အိတ်၊ပိုတက်(၁/၂)အိတ်မှ(၃)အိတ်၊နွားချေး(၈မှ၁၀)တန်ခန့်ထည့်သွင်းပေးရမည်။မိုးရာသီကိုင်းဖြတ်ပြီးချိန်နှင့်ပိုးမွေးပြီးရေသွင်းချိန်တို့တွင်ဓါတ်မြေသြဇာထည့်ခြင်းကိုဆောင်ရွက်နိုင်သည်။ 

    Source: DOA

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
  • article
  • article
  • article
likes
5
comments
0
views
2781