ပေါင်းနှင့် ပတ်သတ်ပြီး တောင်သူအမေး၊ ထွက်တိုးအဖြေ ကဏ္ဍ
ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့ထဲက စိုက်ခင်းတွေမှာ ပေါင်းမြက်ပြဿနာတွေအတွက် ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။
စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်တိုးစိုက်ပျိုးရေးပညာရှင်များနဲ့ဆွေးနွေးလိုတယ်ဆိုရင်တော့ ထွက်တိုး App ရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ခင်းဓာတ်ပုံနှင့်တကွ သိရှိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်။
(၁) ဦးတင်မောင်ဆွေ၏ မေးမြန်းမှု - (မိုးစပါး ပေါင်းအုပ်ဆေးအကြောင်း သိချင်ပါတယ်။)
ပေါင်းအုပ်ဆေး အစိုကြဲ၊ အခြောက်ကြဲခင်းအတွက်ဆိုရင် Pendimethalin ကိုသုံးနိုင်ပါတယ်။ ပေါင်းအုပ်ဆေးရဲ့ သဘောက စိုက်ခင်းထဲမှာ ပေါင်းမပေါက်ခင်သုံးရမှာဖြစ်ပါတယ်။ အစိုကြဲဆိုရင် ၄ ဂါလံဆေးဖျန်းပုံးကို ၁၅၀ စီစီထည့်ပြီး ၁ ဧက ၇ ပုံး၊ အခြောက်ကြဲခင်းဆိုရင် ၂၀၀စီစီနှုန်းထားနဲ့ ၁ ဧက ၇ပုံးနှုန်းဖျန်းပေးပါ။ မြေပြင်အကုန်ခြုံငုံမိအောင်ဖျန်းပေးဖို့တော့လိုပါတယ်။
(၂) ကျော်ဌေးခိုင်၏ မေးမြန်းမှု - (ပြောင်းခင်းပေါင်းသတ်ဆေးအတွက်ဘာဆေးသုံးရပါမလဲခင်ဗျ)
လက်ရှိပြောင်းက စိုက်ထားပြီးပြီလား၊ဘယ်နှစ်ရက်သားရှိပြီလဲ၊ စိုက်ခင်းထဲမှာ ပေါင်းမပေါက်သေးဘူးဆိုရင် ပြောင်းမျိုးစေ့ချပြီး ၁၂ရက်အတွင်း Atrazine + Nicosulfuron ကိုအုပ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ၂၀ လီတာဆေးဖျန်းပုံးမှာ ၅၀ ဂရမ်နှုန်းထားနဲ့ တစ်ဧကကို ၅-၆ ပုံးထက်ပိုမသုံးပါနဲ့၊ ဆေးဖျန်းချိန်မှာ မြေကြီးအစိုဓာတ်ကောင်းကောင်းရှိဖို့လိုပါတယ်။ ရွေးချယ်ပေါင်းသတ်ဆေးအနေနဲ့ ပေါင်းပေါက်လာမှဖျန်းလို့ရတာဆိုရင် Atrazine + Mesotrione ကိုဖျန်းနိုင်ပါတယ်။ ပေါင်းပင်နုချိန်မှာ ဖျန်းတာအကောင်းဆုံးဖြစ်ပါတယ်။
(၃) ကိုဝင်းမြင့်ဦး၏ မေးမြန်းမှု - (မိုးနှမ်းကြဲလျှင် ဘယ်လိုပေါင်းသက်ဆေးသုံးရမလဲ၊ ပေါင်းမြတ်နှင့်နွယ်ပင် အခြားရွက်ပြန့်ပေါင်းတွေပေါက်လို့ )
နှမ်းပေါင်းအုပ်ဆေးအနေနဲ့ (ပေါင်းမပေါက်ခင်) နှမ်းကြဲပြီးပြီးခြင်း၊ ကြမ်းအုပ်ပြီးပြီးခြင်း မြေပြင်ကို ပေါင်းအုပ်ဆေး Metolachlor ဖျန်းနိုင်ပါတယ်။ မြက်ပေါင်းများအတွက် ပေါင်းပင်များ အရွက် ၂-၄ ရွက်ထွက်ချိန် (ပေါင်းပေါက်ပြီး) Quizalofop-p-ethyl ကိုအသုံးပြုနိုင်ပါတယ်။ Quizalofop ကရွက်ပြန့်ပေါင်း၊ မြက်မုန်ညင်းများအတွက်မထိရောက်ပါဘူး။ ဆေးအကြောင်းနဲ့ပတ်သတ်ပြီး ပိုမိုအသေးစိတ်သိလိုတာများရှိရင်တော့ 09-977910000 (ထွက်တိုးကောစင်တာ) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
(၄) ရာဇာလွင်၏ မေးမြန်းမှု - (ကြက်သွန်ခင်းမှာ စပါးပင်တွေပေါက်နေလို့ပါဗျ စပါးပင်သေမဲ့ ဆေးလေးရှိရင် လမ်းညွှန်ပါအုံးဗျ၊ ကြက်သွန်အပင်လေးတွေလဲမထိခိုက်အောင် ကောင်းမဲ့ဆေးလေး ညွှန်ပေးကြပါအုံး)
အရင်ဆုံးစိုက်ခင်းအစိုဓာတ်က မရှိပါဘူး၊ အစိုဓာတ်ရှိအောင်အရင်လုပ်ပါ။ စပါးပင်က ဘယ်နှစ်ရွက်ထွက်ပြီလဲ။ အခုမှစပေါက်တာ အရွက်လည်း ၂-၃ ရွက်ပဲထွက်နေမယ်၊ မြေကြီးအစိုလည်းရှိမယ်ဆိုရင် Quizalofop-p-ethyl ကိုဖျန်းပေးနိုင်ပါတယ်။ အဲ့ဒါက အစေ့ကပေါက်တဲ့စပါးအတွက်ပါ၊ ရိုးပြတ်ကပြန်ပေါက်တဲ့ စပါးဆိုရင်ထိရောက်ဖို့ခက်ပါမယ်။
(၅) ကိုဝေယံ၏ မေးမြန်းမှု - (ဘာမြက်လဲသိချင်ပါတယ်၊ ဆေးသုံးပြီးသတ်လို့ရသေးလားဖြေပေးပါနော် ထွက်တိုးရေ)
မြက်မုန်ညင်းစိမ်းပါ၊ ပန်းခိုင်ထွက်နေပြီဆိုရင် ထိရောက်ဖို့ခက်ပါတယ်။ နှုန်းထားမြှင့်ရင်တောင် ထိရောက်ဖို့က နောက်ကျနေပါပြီ။ နောက်စပါးရာသီမှာ ကျခဲ့မယ်ဆိုရင် ပေါင်းရွက် ၂-၄ ရွက်ထွက်ချိန်မှာ Fenoxaprop-p-ethyl+ Ethoxysulfuron လိုဆေးအဆိပ်(Ai) ကိုရွေးချယ်နိုင်ပါတယ်။
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857