cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာနိုင်ငံ ဆိတ်မွေးမြူရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများ

. စိုက်ပျိုးအသိပညာ
ဆိတ်များ သည် အအေးမိလွယ်သည်။ လေစိမ်းတိုက်ခတ်ခြင်း။ အဆောက်အဦအတွင်းသန့်ရှင်းမှု မရှိခြင်း၊ အခင်းစိုစွတ်ခြင်းများဖြစ်ပါက အဆုတ်ရောင်ရောဂါ (Pneumonia) ဝင်တတ် သည်။
  • မြေနေရာရွေးချယ်ခြင်း

    ဆိတ်ခြံဆောက်လုပ်မည့် မြေနေရာသည် မြေမာဖြစ်၍ ခြောက်သွေ့နေသင့် သည်။ လေကောင်းလေသန့်ရသည့် နေရာလိုအပ်သော်လည်း လေစိမ်းမတိုက်သင့်ပေ။ ဆိတ်များသည် ပူပြင်းခြောက်သွေ့၍ မြက်အနည်းငယ်နှင့် ချုံနွယ်သစ်ပင်များ ပေါက်သည့် မိုးနည်းရာဒေသများနှင့် တောင်တန်းဒေသများ၌ ဖြစ်ထွန်းနိုင်သည်။ ဆိတ်ကိုမြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် မွေးမြူလေ့ရှိသည်။ ကွင်းပြင်နှင့်စားကျက်တွင် လှည့်လည်သွားလာ ကျက်စားတတ်သဖြင့် လုံလောက်သည့် မြေနေရာအကျယ်အဝန်း ရှိရန်လိုအပ်သကဲ့သို့ စားကျက်တွင် အရိပ်ခိုရန်အပင်များ နှင့် သင့်တင့်သည့် စားပင်၊ စားကျက်ပင်များရရှိရန် လိုအပ်သည်။


    ဆိတ်တင်းကုပ်ဆောက်လုပ်ခြင်း

    ဆိတ်ကိုစနစ်တကျမွေးမြူရန်အတွက် သင့်လျော်သည့် ဆိတ်တင်းကုပ် ဆောက်လုပ်ရန်လိုအပ်သည်။ ဆိတ်တင်းကုပ်သည် ဆိတ်များအိပ်ရန်နှင့် အနားယူရန် အတွက် ရာသီဥတုအပူအအေးမှ အကာအကွယ်ပေး၍ လေကောင်းလေသန့်ရရှိသည့် အဆောက်အဦမျိုးဖြစ်သင့်သည်။

    ဆိတ်တင်းကုပ်ဆောက်ရန် အောက်ပါအချက်များ ကို ထည့်သွင်းစဉ်းစားရပါမည်-

    (က) ဆိတ်တင်းကုပ် မြေစိုက်ဆောက်လုပ်ပါက အညစ်အကြေးများ အလွယ်တကူ သိမ်းဆည်းနိုင်ရမည်။

    (ခ ) ဆိတ်များ နားနေရန်အတွက် လုံလောက်သော အကျယ်အဝန်း ရှိသင့်သည်။

    (ဂ ) ဆိတ်ကြီးနှင့် ဆိတ်ကလေးများ အသက်အရွယ်အလိုက် ခွဲခြားထား နိုင်ရန် သင့်လျော်သည့်အကန့် ရှိရမည်။

    (ဃ) အမိုးသည် မိုးရေလုံ၍ သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ် အနည်း ဆုံး (၆)ပေရှိသင့်ပြီး ခေါင်အမြင့် (၁၀)ပေရှိသင့်သည်။ အဓိကမှာ အမိုးကိုဆိတ်ဆွဲ၍မစားနိုင်စေရန်ဖြစ်သည်။

    (င ) လေဝင်လေထွက် ကောင်းသင့်သည်။ သို့မှသာ အခင်းခြောက်သွေ့ စေရန်နှင့် သန့်ရှင်းရေးပြုလုပ်ရန် လွယ်ကူမည်။

    (စ)လုံလောက်သော အလင်းရောင်ရရှိစေရမည်။

    (ဆ) အစာခွက်၊ရေခွက်များ စနစ်တကျထားရှိရမည်။

    (ဇ ) မိုးများ၍ စိုစွတ်သောအရပ်ဒေသများတွင် အခင်းကိုဝါးကြမ်းခင်း သို့မဟုတ် သစ်သားကြမ်းခင်းဖြင့် တည်ဆောက်ရန်လိုသည်။ အင်္ဂတေဖြင့် အခင်းခင်းပါက ကောက်ရိုး၊ မြက်ခြောက်စသည်ဖြင့် ခင်းပေးရန်လိုအပ်သည်။

    (ဈ ) လေစိမ်းမတိုက်စေရန် အကာရှိရန်လိုသည်။

    ဆိတ်ခြံများတွင် ဆိတ်မများသားမွေးရန် နို့ညှစ်ရန်နှင့် ဆိတ်သိုးများကိုခွဲခြား ထားရှိရန်အတွက် အကန့်များလိုအပ်သည်။ အရွယ်ရောက်ပြီး ဆိတ်တစ်ကောင် အတွက် ကြမ်းခင်းအကျယ်၊ ပျမ်းမျှ(၁၀)စတုရန်းပေလိုအပ်သည်။ လွှတ်ကျောင်းခြင်း မရှိသည့် ဆိတ်များအား ကြမ်းခင်းအကျယ်ပို၍ ထားပေးရန်လိုအပ်သည်။ မည်သည့်ပုံစံဖြင့် ဆောက်လုပ်သည်ဖြစ်စေ၊ မွေးမြူရေး လုပ်ငန်းတစ်ခု အကျိုးအမြတ်ရရှိရန်အတွက် သင့်လျော်သည့် ကုန်ကျစရိတ်သာကုန်ကျစေပြီး ရေရှည်အတွက် စီးပွားရေးတွက်ချေကိုက်စေရန်အရေးကြီးပါသည်။ တိရစ္ဆာန်မွေးမြူရေးတွင် မွေးမြူနည်းစနစ်မှန်ကန်ရေးနှင့် သင့်လျော်သည့် အဆောက်အဦဆောက်လုပ်ရေးမှာ အထူးအရေးကြီးပါသည်။ အထူးသဖြင့် ဆိတ်များ သည် အအေးမိလွယ်သည်။ လေစိမ်းတိုက်ခတ်ခြင်း။ အဆောက်အဦအတွင်းသန့်ရှင်းမှု မရှိခြင်း၊ အခင်းစိုစွတ်ခြင်းများဖြစ်ပါက အဆုတ်ရောင်ရောဂါ (Pneumonia) ဝင်တတ် သည်။ မွေးမြူသူအနေဖြင့် ခြံသန့်ရှင်းရေး၊ အခင်းခြောက်သွေ့ရေး၊ အဆောက်အဦ နွေးထွေးလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ပါက ဆိတ်မွေးမြူရေး အောင်မြင်မည် ဖြစ်သည်။


    မွေးမြူနည်းစနစ်များ

    မွေးမြူရေးလုပ်ငန်းတိုင်းတွင် မွေးမြူမည့်နေရာဒေသ၏ ရာသီဥတုအခြေ အနေနှင့် မွေးမြူမည့်တိရစ္ဆာန်အမျိုးအစား၊ အစာရရှိနိုင်မှု အခြေအနေတို့ပေါ် မူတည် ၍ သင့်လျော်သည့် မွေးမြူနည်းစနစ်ဖြင့် မွေးမြူရန်လိုအပ်သည်။ ဆိတ်မွေးမြူရေးတွင် လည်း မွေးမြူမည့်ဒေသ၏ ရာသီဥတုအပေါ်မူတည်၍ အောက်ပါစနစ် များဖြင့် မွေးမြူနိုင်သည်။

    (က) ခြံလှောင်စနစ်(Intensive System)

    မိုးများလွန်းသော အရပ်ဒေသနှင့် ရာသီဥတုအလွန်အေးသော အရပ်ဒေသတို့တွင် အသုံးပြုလေ့ရှိကြသည်။ ဤစနစ်တွင် အဓိက အရေးကြီးသည့် အချက်များမှာတိရစ္ဆာန်များကို အရွယ်အစားခွဲခြား မွေးမြူရေး၊ အစာရေစာလုံလောက်စွာ ကျွေးမွေးရေးနှင့် သင့်လျော် သည့် နေရာအကျယ်အဝန်းရှိရေးပင် ဖြစ်သည်။

    (ခ ) တစ်ဝက်လွှတ်ကျောင်းစနစ် (Semi Intensive System)

    ဆိတ်မွေးမြူရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။ လွှတ်ကျောင်း ခြင်းဖြင့် ဆိတ်တင်းကုပ် သန့်ရှင်းမှုစနစ်တကျပြုလုပ်နိုင်ပြီး သင့်တင့် သည့် အစာသည်လည်း စားကျက်မှရရှိနိုင်သဖြင့် အစာနုအကုန် အကျသက်သာသည်။ ဆိတ်များ လွှတ်ကျောင်းခြင်းဖြင့် ကျန်းမာရေး နှင့် ပြည့်စုံစေသည်။ ဆိတ်တင်းကုပ်ကို ညဘက်အိပ်ရန်သာ အသုံးပြုလျှင် အကောင်းဆုံးဖြစ်သည်။


    (ဂ ) လွှတ်ကျောင်းစနစ်(Free ranged system)

    လွှတ်ကျောင်းခြင်းဖြင့် လေကောင်းလေသန့်ရသည်။ကျန်းမာရေးနှင့် ပြည့်စုံစေသည်။ သင့်တင့်သည့် အစာစားကျက်မှရနိုင်သည်။ သို့သော် လွှတ်ကျောင်းနိုင်သည့် ရာသီဥတုမျိုးဖြစ်ရန်လိုသည်။ မိုးမများလွန်းရန်အရေးကြီးသည်။ အေးသည့်အရပ်တွင် ဆိတ်ကို လွှတ်ကျောင်းထားနိုင်သော်လည်း မိုးရေထဲတွင် လွှတ်ကျောင်း ထား၍ မဖြစ်ပေ။ ထို့အတူပင် ညဘက်တွင် နွေးနွေးထွေးထွေး အိပ်စက် အနားယူရန်အတွက် မည်သည့်မွေးမြူရေး စနစ်တွင်ပင်ဖြစ်စေ ဆိတ်တင်းကုပ်လိုအပ်သည်။


    (ဃ) ကြိုးချည်ခြင်း (သို့) အပြင်သို့ထုတ်ချည် မွေးမြူခြင်းစနစ်

    ဆိတ်တစ်ကောင် နှစ်ကောင်သာ မွေးမြူရာ၌ ဤစနစ်ကို ကျင့်သုံး နိုင်သည်။ တစ်နေ့တာ၌ ဆိတ်ကို အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့ ချည်နှောင်ရန်လိုသည့်အပြင် ရေသန့်များစွာ တိုက်ကျွေးရန် လိုအပ် ပါသည်။မိုးရွာသောနေ့ရက်များ၌ အိမ်အောက်တွင်ထားရန် လိုအပ် ပါသည်။ ဤစနစ်ဖြင့် မွေးမြူထားသောဆိတ်များသည် မတော်မဆ ဒဏ်ရာရခြင်း(ဝါ)သေဆုံးခြင်း ပိုမိုဖြစ်တတ်သည်။ ချည်ထားသော ကြိုးကြောင့်လည်ပင်းညစ်၍ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများစွာ ကို နှစ်စဉ်ကြုံတွေ့ရသည်။


    (င ) ဆိတ်မွေးမြူရေး နှင့် SALT (ခေါ်) တောင်စောင်းစိုက်ပျိုးရေး ပူးတွဲခြင်း

    ကွန်တိုလိုင်းဖြင့် မြေဩဇာပင်တန်းစိုက်ပျိုးပြီး ကြားကွက်များတွင် နှစ်တိုနှစ်ရှည်ပင်များကို ဆိတ်မွေးမြူရေးနှင့် ပူးတွဲခြင်းစနစ်ကို ချင်းပြည်နယ် တောင်တန်းဒေသများတွင် မွေးမြူနိုင်ပါသည်။ တောင်ကုန်းတောင်တန်းမြေ (၂)ဧကတွင် အကောင်အထည်ဖော်နိုင် ပါသည်။ ၎င်းမြေကို သီးနှံစိုက်ပျိုးရန် (၄၀%)၊ ဆိတ်မွေးမြူရန် (၄၀%)နှင့် သစ်တောစိုက်ပျိုးရေးအတွက် (၂၀%) အသီးသီး အသုံးချခြင်းဖြစ်သည်။ ဆိတ်ခြံကို ဥယျာဉ်ခြံ၏အလယ်ဗဟိုတွင် ဆောက်လုပ်ပြီး အပေါ်ဆုံးအပိုင်းဖြစ်သော ခြံမြေ၏ထက်ဝက်အနက် လေးပုံ၊ သုံးပုံကို နှစ်ရှည်ပင်များဖြစ်သည့် ကော်ဖီ၊ ငရုပ်ကောင်း၊ လက်ဖက် စသည်တို့ကို စိုက်ပျိုးနိုင်ပါသည်။ ဥယျာဉ်ခြံမြေ၏ လေးပုံတစ်ပုံကို နှစ်တိုသီးနှံပင်များဖြစ်သော တောင်ယာစပါး မြေပဲ၊ပဲမျိုးစုံနှင့် ပြောင်းဖူးစသည့် သီးနှံများကို စိုက်ပျိုးပါသည်။ အခြားခြံမြေ၏ ထက်ဝက်ပိုင်းတွင် မွေးမြူထားသော ဆိတ်များအတွက် ဆိတ်စား မြက်ပင်မျိုးနှင့် ဆိတ်စားအပင်မျိုးစုံ စိုက်ပျိုးပါသည်။ ဆိတ်အတွက် အသင့်တော်ဆုံးအပင်မျိုးများမှာ ဘောစကိုင်းပင်၊ ဂလိုက်စီးရီးယား ပင်၊ ရမ်ဆမ်ပင်၊ ပါရာမြက်နှင့် နေပီယာ မြက်မျိုးတို့ဖြစ်သည်။


    သိထားသင့်သော အကြောင်းအရာများ

    ဆိတ်ကျောင်းသားတစ်ဦးလျှင် ဆိတ်(၃၅-၄၀)ကောင်ခန့်သာ နိုင်နင်းသည်။

    ဆိတ်တစ်အုပ်တွင် ဆိတ်လိုက်ဖားအကြီး(၁)ကောင်နှင့် လက်အောက်လိုက်ဖား (၁)နှစ်သားခန့် (၁)ကောင်သာ ထားသည်။ကျန်ဆိတ်ထီးများအား (၇-၈)လတွင် သင်းကွပ်လေ့ရှိသည်။

    ဆိတ်မဒန်း(၇-၈)လသားခန့်တွင် မိတ်လိုက်လေ့ရှိသည်။

    ဆိတ်ဖားငယ်မှာ (၁ဝ)လသားခန့်တွင် စတင်မိတ်လိုက်သည်။

    ဆိတ်မတစ်ကောင်လျှင် တစ်နှစ်အတွင်း(၂)သားကျလေ့ ရှိသည်။

    ဆိတ်မကြီး(၂-၃)သားကျပြီးလျှင် အမြွှာမွေးဖွားမှု ၅၀%ခန့် ရှိသည်။

    ဆိတ်မကြီးတစ်ကောင် အသက်(၆)နှစ်ခန့်အတွင်း (၁ဝ-၁၅) ကောင်ခန့်မွေးဖွား နိုင်သည်။

    ဒေါက်တာခင်မောင်ဝင်း

    မွေးမြူရေးပညာရှင်

    ကျေးလက်ဆိတ်မွေးမြူရေးစာအုပ်မှကောက်နှုတ်ထားပါသည်။

    -------------------------

    မွေးမြူရေးဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://download.htwettoe.com လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
  • article
likes
4
comments
0
views
3721