ပဲခူးတိုင်း ဇွန်လ ၁၇ ရက် မှ ဇွန်လ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေဆဲ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေသည် ဇွန်လကုန်အထိ အားကောင်းရာမှ အားအလွန်ကောင်းနေနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် -
အခုရက်သတ္တပါတ်တစ်ပါတ်အတွင်း ပဲခူးတိုင်းတစ်ခုလုံးမှာ အနောက်တောင်ဘက်မှ မုတ်သုံလေစီးကြောင်းနှင့်အတူ မိုးတိမ်များစဉ်ဆက်မပြတ် ဝင်ရောက်နေပြီး မိုးအသင့်အတင့်(နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁.၂ လက်မခန့်)ဆက်လက်ရွာနေနိုင်ပါဦးမယ်။ ပဲခူးတိုင်းအရှေ့ဘက်နဲ့တောင်ဘက်ပိုင်းက ဒေသတွေမှာ မိုးအားပိုကောင်းနိုင်ပြီး ပဲခူးတိုင်းမြောက်ဘက်နဲ့ အနောက်ဘက်ပိုင်းတွေမှာတော့ မိုးအား၊ မိုးရေချိန် လျော့နည်းနိုင်ကြောင်းတွေ့ရပါတယ်။
ပဲခူးတိုင်းအရှေ့ဘက်နဲ့တောင်ဘက်ပိုင်းတွေမှာ ၇ ရက်အတွင်း ရရှိနိုင်မည့်မိုးရေချိန်ပမာဏ ၆ လက်မနှင့် အထက်အထိ ရရှိနိုင်ပြီး၊ ပဲခူးတိုင်းမြောက်ဘက်နဲ့ အနောက်ဘက်ပိုင်းတွေမှာတော့ ၇ ရက်အတွင်းမိုးရေချိန် ပမာဏ ၂ လက်မ အထက် ၃ လက်မခန့်အထိ ရရှိနိုင်ပါတယ်။
ပဲခူးတိုင်းတစ်ခုလုံးအတွက် တောင်ဘက်အရပ်မှ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးည အပူချိန် ၂၅°C ရှိနေနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားတာကြောင့် နေသာပြီးလေငြိမ်သွားတဲ့အချိန်တွေမှာ ခံစားရတဲ့ အပူချိန် Feels-like Temperature 35°C အထိရှိနိုင်/ပူအိုက်နေနိုင်ပါတယ်။
ပဲခူးတိုင်းအတွင်း နေ့စဉ်မိုးဆက်လက်ရွာနေနိုင်သေးတာကြောင့် ဆေးဖြန်းနိုင်မဲ့အချိန်(spray window ပွင့်တဲ့နေသာချိန်)လည်း နည်းနေမှာကြောင့် ဆေးဖြန်းရန်သင့်လျှော်မှုမရှိ(မရှိ)တဲ့ရက်တွေ များနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့..
စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
- မိုးစပါး ပေါင်းပြဿနာအတွက် ရွေးချယ်ပေါင်းသတ်ဆေးသုံးမည်ဆိုပါက စပါးပင် ၁၅-၂၀ ရက်သားမှစတင်ပြီး ပေါင်းရွက် (၂-၄ ရွက်)ထွက်ချိန်တွင်ဖျန်းပါ။
- ပေါင်းသတ်ဆေးတွင် ပါဝင်သောဆေးပစ္စည်းမှာ တစ်မျိုးတည်းဖြစ်စေ၊ နှစ်မျိုးဖြစ်စေ စပါးခင်းထဲတွင်ပေါက်နေသမျှပေါင်းတိုင်းကိုတော့ သေစေမှာမဟုတ်ပါဘူး။
- ကိုယ့်စိုက်ခင်းထဲမှာပေါက်နေတဲ့ဘယ်ပေါင်းက အဆိုးဆုံးဖြစ်လဲဆိုတာကိုစဥ်းစားပြီးမှ ဆေးကိုရွေးချယ်ပါ။
- လိုအပ်သောပေါင်းနှိမ်နင်းခြင်းကိုပြုလုပ်ပြီးမှ မြေဩဇာကိုထည့်သွင်းပေးပါ။
- ပေါင်းသတ်ဆေးများကို ကိုယ့်စိတ်ကြိုက်ရောစပ်သုံးစွဲခြင်းများမပြုလုပ်ပါနဲ့။
- ဆေးမဖျန်းခင် မိုးရွာသွန်းနိုင်ချေရှိ၊မရှိ သေချာစစ်ဆေးပေးပါ။
- ပေါင်းသတ်ဆေးအတွက် လိုအပ်သောအကြံဉာဏ်များတောင်းခံလိုပါက “ထွက်တိုး”တွင်မေးမြန်းနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။
- ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊
- ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။
- ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊
- ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437