2025-2026 ခုနှစ် သီးနှံမျိုးစုံဈေးကွက်ခန့်မှန်းချက်
2025/2026 ခုနှစ်အတွက်ကုန်စည် စျေးကွက်ခန့်မှန်းချက်များ သို့မဟုတ် အကြံပြုချက်များ။
...........................................................
ရှေးဦးစွာမေတ္တာရပ်ခံချင်တာကတော့
ဒီခန့်မှန်းချက်များက ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်တစ်ခုတည်းသာ ဖြစ်ပါတယ်။
ခန့်မှန်းချက်ဖြစ်တဲ့အတွက် မှားတာလည်းရှိနိုင်သလို မှန်တာလည်းရှိနိုင်တာအမှန်ပါပဲ။
အကုန်လိုက်နာရမယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ကာယကံရှင်တွေရဲ့ မိမိသဘောဆန္ဒအတိုင်းပါပဲ။
သို့သော် နှစ်ပေါင်းများစွာ မိမိတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး အနှစ်ချုပ်၍ အကြံပြု ဖော်ပြရုံမျှလေးပါပဲ။
...........................................................
ဘာလို့လည်းဆိုတော့ များသောအားဖြင့်တောင်သူတွေဟာ အသီးအနှံများကို
စိုက်တော့ စိုက်ပျိုးတတ်ကြပါတယ်။
ဒါပေမယ့် ကိုယ့်ဘာသာရောင်းဆိုရင် မရောင်းတတ်တော့ပြန်ပါဘူး။ ပြီးတော့
ဘယ်နှစ်မှာ ဘာသီးနှံကို ဘယ်လိုစိုက်ပျိုးသင့်တယ်ဆိုတာမျိုးကိုလည်း
မခန့်မှန်းတတ်ကြပြန်ပါဘူး။
ဘယ်အချိန်မှာ စျေးကောင်းရတတ်ပြီး၊
ဘယ်အချိန်မှာစျေးထိုးကျတတ်တယ်ဆိုတာကိုလည်း နားမလည်တတ်ကြတာမျိုးကများပါတယ်။ ဒါ့အပြင်
နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲနဲ့အခင်းအကျင်းအလိုက် ချိန်ဆရမယ့် အနေထားတွေကိုလည်း မတွက်ဆတတ်ကြပါဘူး။
(သူတို့လေးတွေအတွက် အားဆေးတစ်ခွက်တိုက်ကျွေးပေးရပေဦး။)
ဒီလောက် အနိမ့်အမြင့် အတက်အကျများတဲ့ ဂုံးကျော်တံတားလိုနိုင်ငံမျိုးမှာ ဒီနှစ်ကြက်သွန်စျေးကောင်းလို့ နောက်နှစ်လည်း တစ်သမတ်တည်း စျေးကောင်းရလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ တောင်သူတချို့ဒီနှစ်စျေးကောင်းရရင် နောက်နှစ်လည်းရမှာပဲလို့ထင်ပြီး ထပ်တိုးစိုက်တာတွေကို တွေ့ဖူးတယ်။အဲ့ဒါ သူတို့အတွက် နှစ်စဥ် သိပ်ပြီး Risk များလွန်းသလိုဖြစ်သွားစေတာပေါ့။
...........................................................
ပြီးတော့
ဖြစ်နိုင်ရင် တောင်သူများအားလုံးဟာ ၎င်းတို့ရဲ့သားသမီးများကို Digital Marketing နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံ
သင့်ပါတယ်။
ဒါဆိုရင် သူတို့အတွက် Profit Margin အမြတ် ပိုကျန်နိုင်တယ်ပေါ့။တဆင့်သူများကို အားကိုးစရာမလိုပဲ တိုက်ရိုက် ဝယ်လက်ရှာပြီးရောင်းချနိုင်အောင်ကြိုးစားတာမျိုးပေါ့လေ။
ဒါကြောင့်ဒီ ပို့စ်ကလေးကို တောင်သူ
အပေါင်းတို့အတွက် ဦးတည်ပြီး တစ်နိုင်ငံလုံးအနေအထားနဲ့ အကျဥ်းချုံး၍ 2026 ခုနှစ် အတွက် ယှဥ်တွဲဖော်ပြ ပေးလိုက်ရပါတယ်ခင်ဗျာ။
...............................................................
သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ
ကို အရင်သုံးသပ်ကြည့်ရအောင်လားဗျာ။
1=မန္တလေး၊မြစ်ကြီးနား၊ဗန်းမော်၊ဖားကန့်။
2=လားရှိုး၊မူဆယ်၊ချင်းရွှေဟော်၊လောက်ကိုင်။
3=မန္တလေး၊ ကလေး၊တမူး။
4=မုံရွာ၊မင်းကင်း ကလေးဝ၊ဖောင်းပြင်၊မော်လိုက်၊ဟုမ္မလင်း၊ခန္တီး။
5=ရခိုင်၊တောင်ကုတ်၊စစ်တွေ။
6=မြဝတီ တကြော။
7=ရေး၊ထားဝယ်၊ကော့သောင်း။
8=မန္တလေး၊မင်းတပ်၊မတူပီ၊ဟားခါး။
အစရှိသဖြင့် မြန်မာနိုင်ငံရဲ့ အဓိက ကျတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ
အဖုအထစ်တွေ ဖြစ်ပေါ်နေပါတယ်။
ဆိုတော့ 2026ခုနှစ် ရဲ့ စီးပွားရေးဟာ လုံးဝမကောင်းနိုင်ပါဘူး။
ဒီထက်ပိုသေချာစေတာက 2025 ခုနှစ်အကုန်မှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိနေပါတယ်။
ထို့အတွက် ပွတ်တိုက်မှုတချို့ပြင်းထန်မယ် ဆိုတဲ့ သဘောကိုလည်း မြင်တွေ့ရတယ်။
ဆိုတော့ 2026 ခုနှစ်ဟာ လူတိုင်းအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုများလာမယ့် နှစ်တစ်နှစ်လို့မှတ်ယူပါလေ။
...........................................................
2025 ရဲ့နိဂုံး
ဒီနှစ်အကုန်မှာ ထွက်ရှိမယ့် သီးနှံ တချို့ရှိနေပါတယ်။
1=ဂျင်း အခက်
ဒီကုန်စည်က Export မရှိနိုင်လို့ စျေးမရနိုင်ပါဘူး။
2=မြေပဲကြား
ဒီကုန်စည်က တရုတ်လမ်းကြောင်း မဖြောင့်သေးလို့ စျေးကျပါလိမ့်မယ်။
3=ခရမ်းချဉ်
ဒီကုန်စည်က ဆယ်လပိုင်းနောက်ပိုင်း စျေးပြန်ကောင်းပါလိမ့်မယ်။
4=ပြောင်းဆံ
ဒီကုန်စည်က အခြေနေကောင်းမယ်။
5=ဂေါ်ဖီ၊ ပန်းပွင့်
စက်တင်ဘာလကုန်ပိုင်းမှာ စျေးကောင်းရပါလိမ့်မယ်။
စက်တင်ဘာလမှာ ရှမ်းတောင်မှာရေဘေးကိစ္စကို အထူးဂရုစိုက်ရပါမယ်။
Covid အနေအထားကိုလည်း တစ်ချက်စောင့်ကြည့်ရမယ်။ရုတ်တရက် Lock down ဆိုရင် အသီးနှံစိုက်တဲ့ တောင်သူတွေအတွက် နားကားကုန်မှာစိုးလို့။
ဒါက 2025 ခုနှစ်ရဲ့ နိဂုံးကို အကြမ်းဖျင်းလေးသုံးသပ်ပြတာပါ။
..............................................................
ကျွန်တော်အဓိက ပြောချင်တာက 2026 ခုနှစ်ပါ။
ဆိုတော့ ဒီနှစ်မှာ ပြောချင်တဲ့အရာတွေက အောက်ပါခေါင်းစဉ်တွေပဲဖြစ်ပါတယ်။
1=တောင်သူတွေ ဘာစိုက်ပျိုးသင့်သလဲ
2=ဘယ်အချိန်မှာ ဘယ်သီးနှံက စျေးကောင်းရတတ်လည်း။
3=လောင်စာဆီ ပြဿနာ နဲ့ ဘဏ်တွေရဲ့
အကျပ်အတည်း။
4=သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအနေအထားများ။
5=သဘာဝဘေးအန္တရာယ် နဲ့ မျက်ကွယ်အန္တရာယ်။
6=ဘာတွေ ကြိုတွေးထားသင့်သလဲ။
..............................................................
No1=တောင်သူတွေ ဘယ်သီးနှံစိုက်ပျိုး
သင့်သလဲ 2026 မှာ။
မြန်မာပြည်မှာ စိုက်ပျိုးတဲ့ သီးနှံအုပ်စု ကိုခွဲကြည့်လိုက်မယ်ဆိုရင် အုပ်စုနှစ်မျိုးပဲရှိပါတယ်။
1=ပြည်တွင်း၊ပြည်ပ ဝယ်လိုအားရှိတဲ့
သီးနှံများရယ်
2=ပြည်တွင်းမှာသာ ဝယ်လိုအားရှိတဲ့အသီးအနှံများရယ် ဆိုတာကို အလွယ်မှတ်ယူပါလေ။
..............................................................
No=1 အုပ်စုက
ဂျင်း
ပဲအမျိုးမျိူး၊နှမ်းအမျိုးမျိုး။
ပြောင်းဆံ (ကတော့အခြေနေကောင်း)
မြေပဲကြား
နနွင်းတက်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုတ်ခြောက်
ဖရဲ
သခွားမွှေး
ငရုတ်စို
...........................................................
No=2 အုပ်စုက
ကုန်စိမ်းအမျိူးမျိုး
ဥပမာ
ဂေါ်ဖီ
ပန်းပွင့်
ဥနီ
ဘိုစား
ဖရုံ
သခွား
ရွှေပဲ
ပိန်းဥ
မုံညှင်း
ငရုတ်ပွ
ခရမ်း
ငရုတ်သီးစိမ်း
သစ်သီးအမျိုးမျိုး
ဘုရားပန်း
အစရှိသဖြင့်
နောက်နှစ်မှာ ဒုတိယ အုပ်စုကိုသာ
အဓိကထား စဉ်းစားပြီး စိုက်ပျိုးရမယ်။
ဥပမာပထမ အုပ်စုထဲမှာဆိုရင် ကြက်သွန်ကို လျှော့စိုက်ရမယ်။
နနွင်းတက် လိုကုန်စည်မျိုးဆို ပိုစိုက်
သင့်တယ်ပေါ့။
...........................................................
ပြီးတော့ နောက်တစ်ခုက
မြန်မာပြည်သူလူထုရဲ့ စီးပွားရေးအခြေနေကောင်းလား မကောင်းလားဆိုတာကိုသိချင်ရင် ဘုရားပန်းစျေးကွက်ကိုကြည့်ရင် အလွယ်တကူသိရှိလို့ရနိုင်တယ်။
အလှူအတန်းအင်မတန် ရက်ရောတတ်လေ့ရှိတဲ့ မြန်မာပြည်သူလူထုဟာ ဘုရားပန်းမှာတောင် အရင်လို မလှူဒါန်းနိုင်ကြတော့ပါဘူး။ဒါကြောင့်
တောင်လေးလုံး၊ရေပယ်၊ဟဲဟိုး၊ဥတ္တကံ၊အင်းခေါင်း စတဲ့ ပန်းစိုက်လေ့ရှိတဲ့ရွာများမှ ပန်းစိုက်တောင်သူများဟာ 2026 ခုနှစ်မှာ
ဘုရားပန်းကို ငါးဆယ်ရာခိုင်နှုန်း လျှော့စိုက်ပါ။ နှင်းဆီအပါအဝင်ပေါ့။
...........................................................
No2 =ရှမ်းတောင်က တောင်သူတွေ ဘယ်သီးနှံကို ဘယ်အချိန်မှာ ပေါ်အောင် စိုက်ပျိုးရင် ဈေးကောင်းရတတ်လည်းဆိုတာ။
1=ခရမ်းချဉ်
ဈေးကောင်းရလေ့ရှိတဲ့ ကာလများ= January / February/ June/ October/ November/December
ဈေးကျတတ်တဲ့လများ= ပြည်မမှ အသီးအနှံတွေထွက်ပေါ်တတ်တဲ့ ကာလများ March/April/May နဲ့
မိုးတွင်းကာလများ June July August September
…………………………………………………………………………………………………………….................
2=ဂျင်း
အဓိက ဖြုန်းအားများတာက ဘင်္ဂလားဒေ့ရှ်။
အနီးဆုံးဖြတ်လမ်းတစ်ခုဖြစ်တဲ့
ရခိုင်တောင်ကုတ်လမ်းကြောင်းက ပိတ်နေလို့ ကုန်သွယ်လို့မရသေးပါ။
ရန်ကုန်ကနေ တဆင့်သင်္ဘောနဲ့ ပတ်ပြီးတင်ပြန်ရင်လည်း ကားခနဲ့ သင်္ဘော
တန်ဆာခ မြင့်လွန်းအားကြီးသဖြင့်
အရောင်းအဝယ်နည်းနိုင်တယ်လို့မြင်မိတယ်။
ဒါကြောင့် ခေါက်ချိုး လျှော့ စိုက်ပါ။ ဥပမာ ဆယ်ဧက စိုက်ရင် ၃ဧကလောက် စိုက်ပါ။
လုံးဝမစိုက်ရဘူးလို့ မပြောဘူးနော်။
ဘယ်အသီးအနှံမဆို တိုးစိုက်တာရယ်၊လျှော့စိုက်တာရယ် လုပ်တတ်ဖို့ပဲ အကြံပြုတာပါ။
ဂျင်း
ပုံမှန်ဈေးတက်ချိန်များက ၉ လပိုင်း/၁၀ လပိုင်း /၁၁ လပိုင်း တွေဟာ ဂျင်းဈေးကောင်းရတတ်တဲ့အချိန်တွေပါ။
ဈေးကျတတ်တဲ့အချိန်များ March April May တဝိုက်။ပြီးတော့ သင်္ကြန်ရှေ့ ဆို ဈေးကျတတ်တယ်။ သင်္ကြန်ရှေ့ မှာဆို ဂျင်းတူးပြီး သွားမရောင်းသင့်ဘူးဆိုတာကိုမှတ်ယူပါလေ။
ပိတ်ရက်ရှည်ခံနေတာမလို့ပါ။
3=မုံညှင်း
မုံညှင်းကို ၆လပိုင်း/၉လပိုင်း/ ၁၁ လပိုင်းပေါ်အောင်စိုက်ပါ ကျန်အချိန်က ဈေးကျတာများပါတယ်။
4=အာလူး
အာလူးကို အကြော်သီးအမျိုးအစားကို ပိုစိုက်စေချင်တယ်။
အာလူးက တရုတ်ကနေ
ဝင်လာတဲ့အခါ ပြဿနာရှိတယ်။
ဈေးထိုးကျတတ်လေ့ရှိတယ်။
ပြည်တွင်း အတွက် မျက်နီ၊မားကီးစ်၊ရမ်းဘား၊ဘေဘီလုံ အဲ့ဒါလေးတွေကို ရည်ရွယ်ပြီးစိုက်ပါ။
တရုတ်သီး L6 က ဈေးရနည်းတယ်။
ပုံမှန် အာလူးဈေးကောင်းရတတ်တဲ့အချိန်များ
May Jun Setember October November December လများ မှာဈေးကောင်းရတဲ့အချိန်လေးတွေမီတတ်ပါတယ်။
March April July August လတွေက ဈေးကျတတ်တယ်။တရုတ်ကနေတင်သွင်းလာတဲ့ အာလူးတွေ ဝင်လာတာနဲ့လည်းသက်ဆိုင်တယ်။
5=ပြောင်းဆံ
များများစိုက်ပါ။
CP ပြောင်းဆံရဲ့ အဓိကဈေးကွက်က ထိုင်းနဲ့ တရုတ်ဖက်ကအဝယ်များပြီး အားသာချက်က အလွယ်တကူ ရန်ကုန်ဆိပ်ကမ်းကနေ တင်ပို့လို့ရနေတယ်ဆိုတာပါပဲ။ အဆင်ပြေတယ်ဆိုပါတော့။
6=နနွင်းတက်
စိုက်သင့်တယ်။ ပြည်တွင်းဈေးကွက်မှာလည်း အကြီးကြီးရှိတယ်။ ဈေးကောင်းမရသေးလည်း ခဏထားထားလို့ရတယ်။ပုပ်သိုးကုန်လည်းမဟုတ်။
နှစ်စဥ် ဈေးရတာလည်းမဆိုးပါဘူး။
7=ပဲလိပ်ပြာ
ပဲလိပ်ပြာကို အဆံခြောက်ရတဲ့အထိ စိုက်ပျိုးသင့်တယ် ဝယ်လိုအားများတယ်။ အစိုကို ၃၀% လောက် ရောင်းပြီး ကျန်တာ အဆံခြောက်ပြုလုပ်ပြီး ရောင်းချပါ။
အစေ့ကြီးမျိုး၊ အဖြူကြားမျိုးဆို ပိုပြီးတော့တောင် လူကြိုက်များသေးတယ်။ပြည်တွင်း ဈေးကွက်လည်းရှိပြီးဝယ်လိုအားများတယ်။
8=ကြက်သွန်ဖြူ/ ကြက်သွန်နီ
နှောက်နှစ်အတွက် ၅၀% လျှော့စိုက်ပါ။ ဈေးကောင်းရဖို့မမြင်သေးလို့ပါ။
9=ဂေါ်ဖီ၊ပန်းပွင့်
ဂေါ်ဖီက ၃ လပိုင်း/ ၉ လပိုင်း/ ၁၁ လပိုင်းတွေ ပေါ်အောင်ချိန်ပြီးစိုက်ပါ။
ကျန်တဲ့အချိန်က မြဝတီက အရင်လို ဆွဲသမားမရှိနိုင်သေးလို့ 2026 မှာ ၅၀ %
လျှော့စိုက်သင့်ပါတယ်။
ပန်းပွင့်က မနှစ်က ပြောခဲ့သလိုပဲ ဂေါ်ဖီထက်ပို စိုက်ပါ။ပန်းပွင့် က june July August Nov Dec လတွေမှာစျေးရလေ့ရှိတယ်။
10=အခြားကုန်စိမ်းအုပ်စုများ
ဘိုစား၊ဥနီ၊ငရုတ်ပွ၊ရွှေပဲ၊ခရမ်း၊ဖရုံ
စတာတွေကို ပျော်ဘွယ် သို့မဟုတ် ပြည်မဘက်က အသီးအနှံတွေပေါ်လာတဲ့အချိန်နဲ့ မိုးတွင်းကာလနဲ့ မတိုးမိအောင် ချိန်ပြီး စိုက်ပါ။
ဥပမာ Feb March April June July ကာလတွေဟာ ဈေးကျတတ်တဲ့ကာလတွေဖြစ်ပြီး ကျန်လများဟာတော့ ဈေးကွက်ပုံမှန်ရှိနေတတ်ပါတယ်။
11=လားရှိုးမူဆယ်လမ်းကြောင်းအနေအထားအရ
ဒီကာလမှာဖရဲ၊သခွားမွှေး၊ငရုတ်စိမ်းကို
တရုတ်ပြည်တင်ပို့ဖို့ လုံးဝမစိုက်ပါနဲ့။
စိတ်လည်းမကူးပါနဲ့ဦး။ပြည်တွင်းအတွက်သာ ရည်ရွယ်ပြီးစိုက်ပျိုးပါဦးလို့။
12= ဒီလမ်းကြောအနေအထားကြောင့်ပဲ နောက်နှစ်မှာ ပဲစင်းငုံ လည်း အခြေနေမကောင်းဘူးလို့ပြောရမယ်။ တကယ်လို့စိုက်မယ်ဆိုလည်း တရုတ်နှစ်သစ်ကူးရှေ့ပေါ်အောင်စိုက်ပါ။ စျေးကောင်းရတတ်တဲ့အချိန်တစ်ခုလို့ မှတ်ယူပါလေ။
ပြီးတော့ ဒီလမ်းကြောင်းက သူတစ်ဝက် ကိုယ်တစ်ဝက် ထိန်းချုပ်နေတာဆိုတော့
ဒီကာလမှာ ဘာမဆိုလည်း ဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့လို့။
.............................................................
No=3 လောင်စာဆီပြဿနာ နဲ့ ဘဏ်အကြပ်အတည်း။
ဒါက ကြုံတွေ့ရနိုင်သေးတယ်။
လောင်စာဆီက ဒေါ်လာ ပြဿနာတက်ရင် ဖြစ်မယ်။
ဒေါ်လာရှိပြီး စက်သုံးဆီဝယ်မရတာမျိုးလည်းဖြစ်နိုင် သေးတယ်။
ဘဏ်က တချို့မြို့နယ်တွေမှာ မ Run နိုင်တာမျိုးကြုံရဦးမယ်။လက်ရှိလည်း
ကြုံနေရတာရှိတယ်။ ဒီထက်ပိုဆိုးမယ်လို့မှန်းတာပါ။
ငွေပြိုင်ထုတ်ကြလို့ ဘဏ်စနစ် လည်ထွက်သွားတာမျိုးလဲရှိနိုင်သေးတယ်။
ဘဏ်စနစ်အဆင်မပြေရင် သို့မဟုတ်
အကြောင်းအမျိုးမျိုးကြောင့်
အင်တာနက်မရတဲ့အခိုက်တွေမှာ
Kpay/ Wave Pay တွေမှာ ဝန်ဆောင်မှု ရပ်ဆိုင်းသွားနိုင်တယ်။
အဲ့ဒီအခါအရောင်းအဝယ်တွေ
နှောင့်နှေးသွားနိုင်တယ်။
အကြာကြီးတော့မဖြစ်နိုင်ပါဘူး။ ဖြစ်နေတဲ့ ရက်အပိုင်းအခြားမှာတော့ အတော်ကို ရွာလည်ကြရလိမ့်ဦးမယ်။
...........................................................
No=4 သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအနေအထားများကတော့ 2026 မှာ ပိုဆိုးဖို့ပဲမြင်မိတယ်။
မဟာဗျူဟာ အရ လက်ရှိ ပြည်နယ်နဲ့တိုင်းအချို့မှာ စစ်မျက်နှာဖွင့်ထားတာတွေကိုတစ်ချက် သုံးသပ်ကြည့်ကြရအောင်။
ပြည်နယ်တွေမှာဆို
1=ကချင်
2=ကယါး
3=ကရင်
4=ချင်း
5=ရခိုင်
6=ရှမ်းမြောက်
တိုင်းအနေနဲ့ဆို
1=စစ်ကိုင်းတိုင်း
2=မန္တလေးတိုင်း
3=ဧရာဝတီတိုင်း
4=ပဲခူးတိုင်း
5=တနင်္သါရီတိုင်း
6=မကွေးတိုင်း
နိုင်ငံအနှံ့ပဲ ဆိုပါတော့။
ပြီးတော့ ရွေးကောက်ပွဲလုပ်ဦးမှာနဲ့
ဆိုရင်?
ဒါ့ကြောင့် သယ်ယူပို့ဆောင်ရေး ကားဆရာများ သွားလာတဲ့အခါ သတိကြီးကြီးထားကြပါလေ။
အထူးသဖြင့်
1=သယံဇာတ ထွက်ရှိတဲ့ဒေသများနဲ့
2=မဟာဗျူဟာအရအရေးပါတဲ့ ဒေသ
တွေမှာတိုက်ပွဲတွေဟာ မကြာခဏဖြစ်လေ့ရှိတယ်။
ဥပမာ
1=ကချင်၊ရခိုင်၊မိုးကုတ်
2=လွိုင်ကော်၊ မူဆယ် 105 မိုင် လိုနေရာမျိုးတွေကို နမူနာအဖြစ်မြင်ကြည့်ကြပါလေ။
...........................................................
No=5 သဘာဝဘေးအန္တရယ်နဲ့ မျက်ကွယ်အန္တရာယ်။
2026 မှာ ငလျင်ဘေးတော့မရှိသလောက်ပါပဲ။လက်ရှိတော့ လှုပ်နေဆဲပဲ။ ကျောက်လွှာတွေ အသားမကျသေးဘူးနဲ့တူတယ်။
ဒါပေမယ့် သတိထားကြည့်မိရင် ဒီလိုကာလတွေမှာကပ်ဘေး တွေက
တစ်ခုမဟုတ် တစ်ခုကတော့ အမြဲရှိနေတတ်စမြဲဆိုတာကိုမမေ့ပါနဲ့။
ရေဘေးကတော့ မြောင်းစနစ်အားနည်းမှုကြောင့် နှစ်စဉ်သတိထားရမယ်။
အထူးသဖြင့် စက်တင်ဘာလမှာပေါ့။
ရောဂါဘေး၊စစ်ဘေး၊မီးဘေး၊ငတ်မွတ်ခေါင်းပါးခြင်းဘေးတွေလည်း ရှိနေနိုင်လို့။ မိမိတို့ ဒေသအလိုက် မပေါ့ဆသင့်ဘူး။
တချို့ ဒေသမှာ ကုန်စည်တွေ ပြတ်လပ်သွားတာမျိုးတွေလည်း ရှိနေနိုင်တယ်။ အောင်ပန်းမှာဈေးကျနေပြီး တခြားပြည်နယ်တွေမှာ မိုးထိအောင်ခေါင်ခိုက်နေတာမျိုးပေါ့။
ဥပမာ
ရခိုင်မှာဆို ငရုတ်သီးတစ်ပိဿာ 1 သိန်းဖြစ်နေသလိုမျိုးပေါ့။ဘယ်လိုရှင်သန်ကြရပါ့။ အဲ့လိုအလားတူနေရာအချို့တွေမှာ သတိထားကြဖို့လိုပါတယ်။
ရှမ်းတောင်မှာ သတိထားရမယ့် နေရာအချို့။
1=အင်းလေးကန် ဖယ်ခုံအစပ်
2=ပင်လောင်း ဖယ်ခုံအစပ်နဲ့
3=ရွာငံဒေသနေရာတချို့
ထိတွေ့မှု မကြာခဏ ဖြစ်လေ့ရှိတဲ့နေရာလေးတွေလို့ဆိုပါတော့။
လက်ရှိအနေအထားအရ
အောင်ပန်း ကတော့ Safe အဖြစ်ဆုံးမြို့လို့ပြောလို့ရနေသေးတယ်။
...........................................................
6=ဘာတွေကြိုတွေးထားသင့်သလဲ
မိမိနေထိုင်ရာဒေသက ဘယ်လိုအနေအထားရှိလည်း ရေရေလည်လည်သုံးသပ်ပါ။ကြိုတင်ပြင်ဆင်ပါ။
စိုက်ပျိုးရေးကတော့ လုပ်ရမှာပါပဲ။
သို့သော် တိုက်ပွဲ ဧရိယာမှာ သွားစိုက်ထားမိသလိုမဖြစ်စေနဲ့။
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဆောင်းပြောင်းမှာ ဂျင်းစျေးကောင်းလို့ တူးမလို့ပါဆို အဲ့ဒီနေရာမှာ တိုက်ပွဲလာဖြစ်နေတော့ မတူးလိုက်ရဘူး။တူးလို့ရတဲ့အချိန်ကြတော့ စျေးကျသွားပါလေရော။
ဒါကြောင့် မိမိဒေသရဲ့အနေအထားကို သေချာတွက်ချက်ပြီးမှသာ စိုက်ပျိုးသင့်တယ်ပေါ့။
စစ်ဖြစ်ရင်လည်း အစားအသောက်က မစားလို့ကိုမရလို့ စိုက်ပျိုးရေးလုပ်တာကတော့လုံးဝမမှားပါဘူး။ဒါပေမယ့် သီးနှံထွက်ပေါ်လာမယ့် အချိန်အခါ နဲ့ ပထဝီဝင်မြေပြင် အနေအထား ကိုတော့သေချာသိဖို့လိုတယ်ပေါ့။
...........................................................
...........................................................
နိဂုံးချုပ်အနေနဲ့
ကျွန်တော်မှန်းထားတာ မမှားခဲ့ရင် 2027 ခုနှစ် ကုန်လွန်ပြီးမှသာ မြန်မာပြည်ရဲ့အနေအထားဟာ အကောင်းဘက်ကို
တဖန် ပြန်လည်ရောက်ရှိ လာလိမ့်မယ်လို့ မြင်မိတယ်။
ဒီကြားထဲ မှာ မိဘပြည်သူများအားလုံး သတိ တစ်လုံးကို အစဥ်သုံးပြီးတော့
မမေ့မလျှော့ မပေါ့မဆနဲ့ သေသေချာချာတွက်ချက်ပြီးမှသာ ရောင်းကြ၊ဝယ်ကြ၊စိုက်ကြ၊ပျိုးကြ၊သွားကြ၊လာကြဖို့ လိုပါတယ်။
ဒီထက်ပိုပြီး ဂရုစိုက်ဖို့လည်း အထူးလိုအပ်သထက်လိုအပ် လာပါကြောင်းနဲ့ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းကိုလည်းပြောကြားရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။
ထုံးစံအတိုင်း
ကျွန်တော်စနေမောင်မောင်ပါ။
ထွက်တိုးမှ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။
original link - https://www.facebook.com/share/p/15o2GNijh2/
--------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437