အန္တရာယ်ကင်း ကျန်းမာစေရန် အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးစားသုံးကြပါစို့
ယခုအခါ ဓာတုပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခြင်းကြောင့် တောင်သူအများစုမှာ အထွက်နှုန်းတိုးရန်နှင့် သီးနှံများကိုကာကွယ်ရန် ပိုးသတ်ဆေးကို များစွာအားကိုးအားထားလာကြသည်။ သို့သော် ပိုးသတ်ဆေးများ အသုံးပြုခြင်းသည် ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း၊ မြေဆီလွှာ၊ ရေနှင့်လေကိုညစ်ညမ်းစေနိုင်ခြင်း၊ ပိုးမွှားများကိုသတ်ရန် ဒီဇိုင်းထုတ်ထားသော်လည်း ၎င်းတို့သည် အကျိုးပြုအင်းဆက်များ၊ ငှက်များနှင့် နို့တိုက်သတ္တဝါများအပါအဝင် အခြားသက်ရှိများ ကိုပါ ဒုက္ခပေးခြင်း၊ သီးနှံများပေါ်တွင် ပိုးသတ်ဆေးဖျန်းသောအခါ၊ ၎င်းတို့သည် မြေဆီလွှာနှင့် ရေထဲသို့ စိမ့်ဝင်နိုင်ပြီး ၎င်းအရင်းအမြစ်များကိုညစ်ညမ်းစေပြီး အခြားသက်ရှိများအတွက် အန္တရာယ်ဖြစ်စေခြင်း၊ လေဖြင့်သယ်ဆောင်ပြီး လေထုကိုညစ်ညမ်းစေကာ လူနှင့်တိရိစ္ဆာန်များတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များအပြင် ပိုးသတ်ဆေး များသည် လူသားများအပေါ် ဆိုးရွားသောကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများရှိနိုင်ခြင်းတို့ကြောင့် ပိုးသတ်ဆေးများနှင့်ထိတွေ့မှုသည်ကင်ဆာ၊ အာရုံကြောဆိုင်ရာချို့ယွင်းမှု၊ မျိုးပွားမှုဆိုင်ရာပြဿနာများနှင့် မွေးရာပါချို့ ယွင်းမှုများအပါအဝင် ကျန်းမာရေး ပြဿနာများစွာနှင့် ဆက်စပ်လျက်ရှိသည်။
ထို့ကြောင့် ဓာတုကင်းလွတ်ပြီး အာဟာရဓာတ်ကြွယ်ဝစေသော ဟင်းသီးဟင်းရွက်များကို မိမိအိမ်တွင် ကိုယ်တိုင်စိုက်ပျိုး၍ စားသုံးလာစေရန်တိုက်တွန်းလိုပါသည်။ အိမ်ခြံဝင်းအတွင်း သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများအား ဝါသနာအရ ပြုစုစောင့်ရှောက်ခြင်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်မှုအတွက် များစွာအထောက်အပံ့ပြုပေးနိုင်ပါသည်။ ထို့ပြင် “အိမ်နောက်ဖေးစျေးဆိုင်တည်” ဆိုသည့် ဆိုရိုးအတိုင်း မိသားစု၏ နေ့စဉ်ကုန်ကျစရိတ်ကို ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့်လည်း လျှော့ချပေးနိုင်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လတ်ဆတ်သည့် သီးနှံများ အား ဘေးကင်းစွာ စားသုံးရခြင်းနှင့် အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို မိသားစုဝင်များ အားလုံး ရရှိမည်ဖြစ်သည်။
စက်ကိရိယာများသုံးရန်မလိုဘဲ ပေါက်တူး၊ တူရွင်း၊ ထွန်ခြစ်တို့ကို အသုံးပြုကာ မိသားစုဝင်များ ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးနိုင်ရမည်။ အိမ်အတွင်းသုံးသည့် ရေကိုသာ စိုက်ခင်းတွင်း အသုံးပြု၍ စိုက်ပျိုးပေးနိုင်သည်။ ထို့အပြင် စိုက်ပျိုးမြေသည် ရေကောင်းစွာ ထုတ်နိုင်၊ သွင်းနိုင်သောမြေ ဖြစ်သင့်သည်။ တစ်မျိုးထက် ပိုသော ရာသီအလိုက် သီးနှံပင်များအားစိုက်ပျိုးပေးရမည်။ ဥပမာအားဖြင့် အရွက်စား ဟင်းသီး ဟင်းရွက်များ (ဟင်းနုနယ်၊ ကန်စွန်း၊ ဆလတ်၊ နံနံပင်၊ ဂွေးတောက်၊ ချဥ်ပေါင်၊ မုန်ညင်း)၊ အပွင့်စား ဟင်းသီးဟင်းရွက်များ (ပန်းမုန်လာ၊ ဘရိုကိုလီ)၊ အသီးစားဟင်းသီးဟင်းရွက်များ (ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီး) စိုက်ပျိုးနိုင်ပါသည်။
အိမ်ခြံဝင်းအတွင်းရှိ စိုက်ပျိုးနိုင်သည့်မြေနေရာများတွင် လည်းကောင်း၊ မြေနေရာ အနည်းငယ် သာရှိသည့်နေရာများတွင်လည်း ပျိုးအိတ်၊ ပျိုးအိုးများဖြင့် စိုက်ပျိုးခြင်းကို မိသားစုနှင့် အတူ စိုက်ပျိုးခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုး ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် အလွယ်တကူ လတ်လတ်ဆတ်ဆတ် ခူးယူစားသုံးနိုင်ခြင်း၊ အကြိမ်ကြိမ် ခူးဆွတ်စားသုံးနိုင်ခြင်း၊ စားဖိုဆောင်ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ မိမိ၏စိုက်ခင်း အစဉ်တစိုက်ကြည့်ရှု၍ စိတ်ကြည် ရွှင်လန်းပီတိ ခံစားရခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကို မိသားစုတိုင်းမဖြစ်မနေ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဒေါက်တာဝဏ္ဏထွန်း (ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန) မှ ကိုးကားဖော်ပြသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857