cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်ကောင်းခြံစိုက်လိုသူများအတွက် စိုက်ပျိုးနည်း စ - ဆုံး

. စိုက်ပျိုးနည်းစနစ်များ
ဝင်ငွေကောင်းတဲ့ ငရုတ်ကောင်းခြံတစ်ခု ရအောင် စီးပွားဖြစ် ဘယ်လိုစိုက်မလဲ? အောက်ကနည်းလေးတွေ ဖတ်ကြည့်ရအောင်။
  • အင်္ဂလိပ်အမည် – BLACK PEPPER

    ရူပဗေဒအမည် – Piper nigrum

    မျိုးရင်း – Piperaceae

    ➤မူရင်းဒေသ

    အိန္ဒိယနိုင်ငံအနောက်ဖက်ကမ်းခြေဒေသဖြစ်သည်။

    ➤မျိုးကွဲများ

    ၁။ ကူချင်း

    ၂။ ဂျမ်ဘီ

    ၃။ ဘယ်လင်တန်

    ၄။ ကယ်လူဘာလီ

    ၅။ ဘလန်ကိုတာ

    ၆။ အူသရင်းကိုတာ

    ၇။ ခရီယကာနီယာကာဒန်

    ၈။ ဖနွမ်ပုံ

    ➤ရာသီဥတုနှင့်မြေအမျိုးအစား

    ပူအိုက်စွတ်စိုသောရာသီကိုကြိုက်ပြီး အပူချိန် (၄၉ ံ-၁၀၄ ံ F) နှင့် ပင်လယ်ရေ မျက်နှာပြင်အထက်ပေ (၄၀၀၀)အတွင်း မိုးများသည့်ဒေသ တွင် ဖြစ်ထွန်းသည်။ pH (၅.၅) ရှိသော နှုန်းမြေနှင့် မြေဆွေးမြေကို ကြိုက်သည်။ စိမ့်ကိုင်မြေ၊ ရေဝပ်မြေကို မကြိုက်ပါ။

    ➤မျိုးပွားခြင်း

    ၁။ မျိုးရွေးချယ်ရာတွင် အရွယ်အဆစ်သန်မာပြီး အဆစ်တိုင်းမှ ပန်းခိုင်ထွက်ရမည်။ ၂။ ပန်းခိုင် (၅”)အထက်ရှိပြီး အသီးအပြည့်ရှိရမည်။ ၃။ သီးလုံးချောမွေ့ ပြီး ရောဂါဒဏ်ခံနိုင်ရမည်။ ၄။ အမြစ်ထွက်ကောင်းပြီး သီးထွက်နှုန်း မှန်ကန်ရမည်။ ၅။ ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိရမည်။ မျိုးစေ့နှင့် ပျိုးကိုင်းတို့ကို ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အသီးမှည့် ခူးချိန်နှင့် အသီးခူးပြီးချိန်များတွင် မျိုးစေ့နှင့် ပျိုးကိုင်းရယူပျိုးထောင်ပါ။

    ➤ပျိုးခင်းပြုလုပ်ပျိုးထောင်ခြင်း

    (၁)ပေ အကျယ်၊ (၁)ပေအမြင့် ဘောင်ဖြင့်လည်းကောင်း၊ (၇” x ၉”) ပလပ်စတစ်ပျိုးအိတ်တွင်လည်းကောင်း ပျိုးနိုင်သည်။ ပျိုးဘောင် နှင့် ပျိုးအိတ်များတွင် သဲနှင့်ဖွဲပြာတို့ကိုရောစပ်၍ ထည့်ပါ။ ပျိုးဘောင်နှင့် ပျိုးအိတ်တို့ကို (၅၀%) နေရောင်ရအာင် ပြုလုပ်ပါ။ ရေမှန်မှန်လောင်း ပါ။ ပျိုးပင်တစ်နှစ်သားထိ ပြုစုပေးပါ။ စိုက်ခင်း၌ မြေချမစိုက်မီ တစ်လကြိုတင်၍ ပျိုးပင်သန်မာပြီး ပတ်ဝန်းကျင်ရာသီဒဏ်ခံနိုင်ရည်ရှိအောင် အလင်းရောင်ရစေခြင်းနှင့် ရေဖြတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါ။

    ➤မျိုးပွားနည်းစနစ်

    ထိပ်ကိုင်းများနှင့် မြေလျှောက်ပင်စည်များကို ဖြတ်ယူမျိုးပွားပါက နွယ်တက်မည့်အပင်များကိုရ၍ စလင်းကိုင်း (ဘေးကိုင်း) များကို အသုံး ပြုပါက နွယ်မရှိသော အိုးစိုက်ပင်အဖြစ်ရနိုင်သည်။

    ➤ပျိုးပင်ရယူနည်းများ

    နှစ်ဆစ်ကိုင်းဖြတ်မျိုးပွားနည်း

    မျိုးကိုင်းကို အဆစ်(၂)ဆစ်ပါအောင်ဖြတ်ယူပါ။ ဖြတ်ယူရာတွင် အရင်းပိုင်းကို အဆစ်အောက်ကပ်၍ စောင်းလျှက်ဖြတ်ပါ။ အဖြားပိုင်းကို အဆစ်အထက် လက်မဝက်ချန်၍ အတည့်ဖြတ်ပါ။ အရင်းပိုင်းကို အမြစ်ထွက်ဟော်မုန်း အရည်စိမ်၍လည်းကောင်း၊ အမြစ်ထွက်ဟော်မုန်း အမှုန်ဖြင့်တို့၍လည်းကောင်း ပြုပြင်စိုက်ပျိုးပါ။ အရင်းပိုင်း အဆစ်မှ အရွက်ကို ရွက်ညှာရင်းမှ ဖြတ်ပေးပြီး ကျန်အဆစ်မှအရွက်ကို အရွက်ကြီးမားပါက ထက်ဝက်ခန့်အရွက်ကန့်လန့်စောင်းဖြတ်ကာ ရေငွေ့ပြန်မှု သက်သာစေရန်ပြုလုပ်ပါ။ မျိုးကိုင်းကို (၄၅ ံ) ဒီဂရီစောင်း ၍ တစ်ကိုင်းနှင့် တစ်ကိုင်း (၆”) ခန့်ခြားကာ အဖျားပိုင်းအဆစ်ရွက်ရင်းထိ မြေမြှုပ်ပျိုးထောင်ပါ။

    ➤အစေ့မှ ပျိုးထောင်နည်း

    ငရုပ်ကောင်းအသီးများ အနီရောင်ပြောင်း၍ ရင့်မှည့်ချိန်တွင် ဆွတ်ခူးပါ။ အမှည့်ညီညာစေရန် (၂၄) နာရီခန့် ဂုံနီအိတ်ဖြင့်အုပ်ပါ။ အစေ့များကိုချွေယူပြီး တစ်ရက် ရေစိမ်၍ အပေါ်ယံအခွံများကို ပွတ်ချေချွတ်ပါ။ ထို့နောက်အစေ့များကို သဲဘောင်တွင် တန်းကြား (၃”) တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခန့်ခြား၍ချပါ။ မျိုးစေ့ချပြီးသဲ (၁/၄) လက်မဖုံးပေးပါ။ (သို့) စင်းထားသောကောက်ရိုးဖြင့်လည်း ဖုံးအုပ်နိုင်ပါသည်။ ပျိုးဘောင်ကိုရေအစိုဓါတ်မပြတ်အောင် ပြုစုပေးခြင်းဖြင့် (၂၅-၃၀) ရက်ကြာလျှင် အစေ့မှ အညှောင့်ပေါက်လာမည်။ (၄၅) ရက်တွင် အပင်ပေါက်စုံလင်မည်။ ပျိုးသက် (၂)လသားအရွယ် (၂-၃) ရွက်ထွက်ချိန်တွင်(၅-၇) လက်မအရွယ် ပလပ်စတစ်ပျိုး အိတ်သို့ ပြောင်းရွေ့ပျိုးထောင်ပြုစုပါ။

    ➤စိုက်စနစ်များ

    (၁) သီၤးသန့်စိုက်ခြင်း (တွယ်တိုင်စနစ်)

    (၆’ x၈’)ပေ (သို့) (၇’ x ၇’) ပေ စနစ်ဖြင့် ပန္နက်ရိုက်၍ စိုက်ကျင်းကို (၁’ x ၁’ x ၁’) ပေ စနစ်ဖြင့်တူးပါ။ ကျင်းတွင်မြေကျက်ဖုတ်ထားပြီး အသင့်စပ်ထားသော မြေသားကို (၁’) ပေ အမြင့်ထိဖို့ပါ။ ကျင်းအလယ်တွင် တွယ်တိုင်ကို မြေပေါ်အမြင့် (၈’) ပေ ထား၍စိုက်ပါ။

    တစ်တိုင်လျှင် ပျိုးပင် (၁-၂) ပင် အသုံးပြုနိုင်ပါသည်။ တွယ်တိုင်အဖြင့် သစ်မာတိုင်၊ ဂဝံတိုင်၊ အုတ်တိုင်၊ ကျောက်တိုင် နှင့် ဝါးခြင်းမြေပုံများ ကိုလည်း သုံးစွဲနိုင်သည်။

    (၂) သီးညှပ်စိုက်ခြင်း

    (က) နှစ်ရှည်ပင်ကို တွယ်ပင်အဖြစ် အသုံးပြုခြင်း

    နှစ်ရှည်ပင်အခြေတွင် ပင်ခြေမှ (၂-၃)ပေခွာ၍ (၁’) အမြင့်ဘောင်ကိုကျောက် (သို့) အုတ်ဖြင့် ဝိုင်းပတ်ပြုလုပ်ပါ။ အဝိုင်းအတွင်း အသင့်စပ်ထားသော မြေကျက်မြေဖြင့်ဖြည့်ပါ။ ပျိုးပင်ကို ပင်ခြေမှ ၁ ပေ၊ ၁ပေခွဲခွာ၍ တစ်ပင်နှင့် တစ်ပင် တစ်ပေခြား၍ ဝိုင်းပတ်စိုက်ပါ။ ကော်ဖီ၊ လက်ဖက်ခင်း နှင့် အခြားနှစ်ရှည်ပင်စိုက်ခင်းများရှိ အရိပ်ရအပင်များတွင်လည်း ဤနည်းဖြင့်စိုက်နိုင်သည်။

    (ခ) နှစ်ရှည်ပင်စိုက်တန်းကြား စိုက်ပျိုးခြင်း

    နှစ်ရှည်ပင် စိုက်ခင်းကြားမြေလွတ်နေရာများတွင်လည်း သီးသန့်စိုက်စနစ် အကွာအဝေးအတိုင်း တွယ်တိုင် နှင့် မြေပုံစိုက်စနစ်များကို ပန္နက်ရိုက်၍စိုက်နိုင်သည်။

    ➤စပ်မြေပြုလုပ်နည်း

    မြေသားအပေါ်ယံလွှာ (သို့) နှုန်းမြေ၊ သဲမြေ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေးတို့ကို ဆတူကြိုတင်စပ်၍ မြေကျက်ဖုတ်အအေးခံပြီးမှ သုံးပါ။

    ➤မြေကျက်ပြုလုပ်နည်း

    ပေါင်းမြက်များကို ရှပ်ပေါက်၍ နေလှန်းအခြောက်ခံထားပါ။ အခြားလောင်ကျွမ်းလွယ်သော သစ်ရွက်ခြောက် စသည်တို့ကိုစုပုံကာ ယင်းအပေါ်တွင်မြေကျက်ဖုတ်မည့် စပ်မြေကိုဖြန့်တင်ပါ။ ပေါင်းမြက်ခြောက်များကို တစ်ထပ်အုပ်ပါ။ ကိုင်မြက်ခြောက် တစ်ထပ်၊ စပ်မြေ တစ်ထပ်ဖြင့် (၃-၄) ထပ်စုပုံ၍ အပုံအစမှစပြီးလောင်စာအားလုံး မီးလောင်သည်အထိ မီးရှို့၍ မြေကျက်ရအောင် ပြုလုပ်နိုင်သည်။ မြေကျက်သည် ရောဂါနှင့် ပိုးမွှားများလုံးဝကင်းစင်သည်။

    ➤ပြုစုခြင်း

    မြေချစိုက်ပြီး အပင်များကို ပင်ခြေမြေကျက်မြေဖု့ိခြင်း၊ အစိုဓါတ်ထိန်းပေးခြင်း၊ အလင်းနှင့် အရိပ်ပြုပြင်ပေးခြင်း၊ ခေါင်နှိမ်ခြင်း၊ နွယ်ဖြတ်ပေးခြင်း၊ ပေါင်းရှင်းပေးခြင်း၊ ပိုးမွှားရောဂါ စစ်ဆေးကာကွယ်ပေးခြင်းတို့ကို အချိန်အခါအလျောက်ပြုစုပေးရသည်။

    ➤မြေသြဇာကျွေးခြင်း

    သဘာဝမြေသြဇာ တစ်ပင်/တစ်အုံလျှင်

    ပုဇွန်ဖွဲ (သို့) လင်းနို့ချေး – ၁၅ ကျပ်သား ထုံး – ၃၀ ကျပ်သား သစ်စိမ်းမြေသြဇာ – ၆ ပိသာ

    ဓါတ်မြေသြဇာ တစ်ပင်/တစ်အုံလျှင်

    ယူရီးယား – ၅ ကျပ်သား တီစူပါ – ၂ ၁/၂ ကျပ်သား ပိုတက် – ၂ ၁/၂ ကျပ်သား

    ➤ပိုးမွှား / ရောဂါ

    ကျိုင်းရွက်လိပ်ပိုးနှင့် အသီးစုပ်စားသော ကြမ်းပိုးများကျတတ်သည်။ – မိုးများပြီး ရေဝပ်လျှင် ပင်ခြေပုပ်ရောဂါကျ၍ စိုက်ခင်းတစ်ခင်းလုံး ပျက်စီးနိုင်သည်။ – ကြက်တောင်စည်းရောဂါသည် စိုက်ခင်း၏ (၅၀%) ကျတတ်သည်။

    ➤သီးထွက်ရရှိမည့် အပင်သက်တမ်း

    ငရုပ်ကောင်းပင်၏ စီးပွားဖြစ်စတင်သီးပွင့်ချိန်မှာ အပင်သက်တမ်း(၃-၅)နှစ်အတွင်းဖြစ်၍ (၁၅)နှစ်ကြာသည်အထိ အထွက်နှုန်းတိုးတက် ရရှိသည်။ အပင်သက်တမ်း (၁၀)နှစ် ကျော်လျှင် စီးပွားရေးတွက်ခြေကိုက်သည်။ အပင်သက်တမ်း နှစ် (၂၀)ကျော်ပါက သီးထွက်ကျ ဆင်းသည်။

    ➤ဆွတ်ခူးခြင်း

    ဒီဇင်ဘာလမှ မတ်လအတွင်းအသီးများအစိမ်းရောင် မှ အနီရောင်သို့ပြောင်းခါစတွင် အသီးခြောက်အတွက်ဆွတ်ခူးသည်။ မျိုးစေ့အတွက် ဆွတ်ခူးပါက သီးခိုင်မှအသီးများ အားလုံးနီးပါး အနီရောင်ပြောင်းမှ ဆွတ်ခူးရသည်။

    ➤ပြုပြင်ထုပ်ပိုးခြင်း

    (က) ငရုတ်ကောင်း (အဖြူ) ထုတ်လုပ်ခြင်း။ ငရုပ်ကောင်းသီးမှည့်အလေးချိန် (၁၀၀)မှ အဖြူ (၂၅%) ရနိုင်သည်။ (ခ) ငရုပ်ကောင်း (အနက်)ထုတ်လုပ်ခြင်း။ ငရုပ်ကောင်းအစိမ်းရောင်သီးရင့်အလေးချိန် (၁၀၀) မှ အနက် (၃၀-၃၃%) ရနိုင်သည်။

    ➤အထွက်နှုန်း

    ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် ငရုပ်ကောင်းတစ်ပင်မှ အစေ့ခြောက် (၆၀-၈၅) ကျပ်သားရနိုင်ပါသည်။ တစ်ဧက အပင် (၉၀၀)မှ ငရုတ်ကောင်း အစေ့ခြောက် (၅၀၀-၇၅၀)ပိသာ ထွက်သည်။

    အသုံးပြုသည့် အစိတ်အပိုင်း။ ။ ငရုပ်ကောင်းအစေ့။

    အာနိသင်။ ။ မြန်မာဆေးကျမ်းအလိုအရ စပ်၏ ၊ ပူ၏ ၊ ဝမ်းမီးကို တောက်စေ၏ ။ သည်းခြေကို ကောင်းစေ၏ ။ ခံတွင်းကောင်း စေ၏ ။ လေသလိပ်ကို ကြေစေ၏ ။ သွေးကို ကြွစေ၏ ။ နို့ရည်ကို ထွက်စေ၏ ။

    ➤အသုံးပြုပုံ

    ငရုပ်ကောင်းအစေ့

    ၁ ။ ငရုတ်ကောင်းစေ့အမှုန့်ပြုပြီး ပျားရည်နှင့်ရော၍ လျက်ပါက ချောင်းဆိုရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါများကို ပျောက်ကင်း၏ ။ မိခင်များနို့ ထွက်၏ ။

    ၂။ ငရုတ်ကောင်းစေ့ကို ရှိန်းခို၊ ဘိန်းတို့နှင့် ရော၍အမှုန့်ပြုပြီး စားပါက အဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါပျောက်ကင်း၏ ။

    ၃။ ငရုတ်ကောင်းကို ဒိန်ချဉ်ရည်နှင့်သွေး၍ အနည်းငယ်မျှ မျက်စဉ်း ခတ်ပေးသော် ကြက်မျက်သင့်နာ ပျောက်ကင်း၏ ။ အမှုန့်ပြု၍ ဒိန်ချဉ်ရည်၊ ကြံသကာနှင့်ရော၍စားပါက နှာခေါင်းသွေးလျှံခြင်း သွေးယိုစီးခြင်းနှင့် နှာစေးခြင်းပျောက်၏ ။

    ၄။ ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေများ ရှုပေးခြင်းဖြင့် ကြို့ထိုးရောဂါ ပျောက်ကင်း၏ ။

    ၅။ ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့်ရော၍ အမှုန့်ပြုပြီး စားသုံးပါက ခွေးရှုးဆိပ်ပြေစေ၏ ။

    ၆။ ငရုတ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေ၏ ။

    ၇။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါက လေထိုး လေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏ ။

    Source:လယ်/ဆည်

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
5
comments
0
views
2652