cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပင်အစိတ်အပိုင်းတိုင်း လွှင့်ပစ်စရာမလို အသုံးဝင်လှသော ထန်းပင်လေးများ

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ထန်းရွက်များဖြင့် ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များကိုပြုလုပ်တတ်ကြသည့်အပြင် အိမ်မိုးရာ၌လည်း အသုံးပြုတတ်ကြသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှရရှိသောအမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုးပြုလုပ်ကြသည့်အပြင် ရွက်လယ်ကြောများကို တံမြက်စည်းအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။
  • ထန်းပင်တစ်ပင်လုံး အသုံးမဝင်သည့်နေရာဟူ၍ မရှိပေ။ အခြားသောအပင်များအနေဖြင့် တစ်ပင်လုံးအသုံးဝင်သည်ဆိုသော်လည်း အရွက်မှာ  လူတို့အတွက်အမှိုက်သာဖြစ်သည်။ ထန်းပင် မှာ ထိုသို့မဟုတ်ဘဲ ကျေးလက်ဒေသများ၌  ထန်းရွက်ကို အမိုး၊ အကာအဖြစ် အသုံးပြုနိုင်သည်။ ပလတ်စတစ်ယပ်တောင်များထက် အေးချမ်းမှုကိုပေးနိုင်သော ထန်းရွက်ယပ်တောင်အဖြစ်လည်း တန်ဖိုးမြင့် ထုတ်လုပ်နိုင်သည်။ ထန်းလက်ကိုနှီးဖြာ၍ ထန်းကြောဖျာ၊ ထန်းခေါက်ဖာများ ရက်လုပ် အသုံးပြုနိုင်သကဲ့သို့ ထန်းလက်ကုလားထိုင်ပြုလုပ်၍လည်း အသုံးပြုနိုင်သည်။ ထန်းသားသည် သစ်သားထက်ပို၍ပင်မာကျောကောင်းမွန်သောကြောင့်ထန်းသားကိုအိမ်အဆောက်အအုံများ၊  အိမ်ထောင် ပရိဘောဂများ အဖြစ်လည်း  အသုံးပြုလျက်ရှိကြသည်။  ထန်းတစ်ပင်သည် ထန်းရွက် ၁၂ ရွက်ရှိရာ တစ်ပင်လျှင်ခုနစ်ရွက်နှုန်း ထုတ်၍ရပြီး ယင်းကို ထန်းလျှော်အနေဖြင့်လည်း အသုံးပြုနိုင် သည်။ ထန်းသားအိမ်ဆောက်ခြင်း၊ ထန်းရွက်အားအိမ်မိုးခြင်း၊ ထန်းလျှော်အား တောင်းရက်ခြင်းနှင့် ချည်ထုတ်ခြင်း၊ ထန်းလက်ခြောက်အား အိမ်ထောင်ပရိဘောဂများပြုလုပ်ခြင်း၊ ပင်စည်အား နွားစားကျင်းပြုလုပ်ခြင်း၊ ထန်းသီးနုအားလူစားခြင်းနှင့် နွားကျွေးခြင်း၊   ထန်းစေ့မှထန်းပင်မြစ်အား စားသုံးခြင်းတို့ပြုလုပ်နိုင်သည်။ 

    ယခုနောက်ပိုင်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)တစ်ခု အနေဖြင့် ထန်းရည်ဝိုင်ပုလင်းနှင့် ထန်းရည်ဘီယာသံဘူးများဖြင့် Value Added Product အဖြစ် ပြုပြင်ဖန်တီးထုတ်လုပ်ဖြန့်ဖြူးရောင်းချ၍ အရောင်းသွက်နေကြောင်းသိရှိရသည်။ ထန်းသီးမှ ထွက်လာ သော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ဟုခေါ်၍ မီး၌ဖုတ်၍ဖြစ်စေ၊ပြုတ်၍ဖြစ်စေ  စားသုံးလေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်း၌  ထန်းတောများကို အများအပြားတွေ့ရှိရပြီး ထန်းပင်များမှာ မြန်မာ့စီးပွားရေး၌ အရေးပါသော အပင်တစ်မျိုးဖြစ်ပေသည်။ ထန်းသားသည် အတွင်းသား ပျော့သော်လည်း အပြင်သားမှာ မာကျောသဖြင့် ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ စသည်များ ပြုလုပ်ရာ၌သုံးကြသည်။ ထန်းသားသည် ရေထိလျှင် ပို၍ခိုင်ခံ့သောသစ်သားမျိုး ဖြစ်သည်။ ထန်းရွက်များဖြင့် ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များကိုပြုလုပ်တတ်ကြသည့်အပြင် အိမ်မိုးရာ၌လည်း အသုံးပြုတတ်ကြသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှရရှိသောအမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုးပြုလုပ်ကြသည့်အပြင် ရွက်လယ်ကြောများကို တံမြက်စည်းအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထန်းပင်၏အလက်များကို ကုလားထိုင်များ၊ ထိုင်ခုံများ၊ စားပွဲများ အဖြစ် လည်း ပြုလုပ်ရောင်းချကြသည်။ ထိုကဲ့သို့ ဘက်စုံအသုံးဝင် သော ထန်းပင်ထန်းတော ပိုင်ဆိုင်သူတစ်ဦး အနေဖြင့် တစ်ဖက်တစ်လမ်းမှ  အပိုဝင်ငွေများရရှိလျက်ရှိကြောင်းသိရှိရပါသည်။ 

    ထန်းလျက်ချက်လုပ်ခြင်း 

    ထန်းရည်ချက်လုပ်ရာတွင် နံနက်ချင်းတက်၍ရသော ထန်းရည်ချိုကို တန်း၍ချက်ရသည်။ ညနေဘက်တွင် ထန်းပင်တက်လှီးချပြီး ထန်းရည်ချိုများကိုလည်း ဒယ်အိုးထဲတွင် ရော၍ မီးနွေးနွေးဖြင့် ထားရသည်။ ထန်းရည်ချိုကြာရှည်အထားခံရန်အတွက် မြူအိုးတစ်လုံးထဲတွင် မဖောက်ထုံး (Calcium Oxide-CaO) ဆီးဖြူသီးလုံးခန့်ခံ၍ ထည့်ထားရသည်။ (Calcium  Hydroxide ဖောက်ထုံး (CaOH) ကို အပူချိန် ၃၀၀°C မှ ၅၀၀ °C ကြားအပူပေးလိုက်ပါက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)ထွက်ပြီး မဖောက်ထုံး (CaO)ကိုရရှိသည်။ ယင်းမဖောက်ထုံး(CaO)ကို ရေနှင့်ထိတွေ့ဓာတ်ပြုပြီး ဖောက်ထုံး (CaOH)ကို ပြန်လည်ရရှိသည်။) 

    ထန်းရည်ချိုများကိုအပေါက်ငါးပေါက်ပါ  မီးဖိုဖြင့်ချက်ခြင်းဖြစ်ပြီး   မီးမထိုးသောနေရာမှဝေးပြီးမြင့်သောနေရာရှိ ဒယ်အိုးသုံးလုံးကို ထန်းရည်ချိုအပြည့်ထည့် ထားရသည်။ လေးပေါက်မြောက် ဒယ်အိုးအား ထန်းရည်နှစ်မြူထည့်ပြီး ငါးပေါက်မြောက်မီးနှင့် အနီးဆုံးအိုးအား ထန်းရည်ချို တစ်မြူ ထည့်ထားပြီးနောက်  ဒယ်အိုးငါးလုံးအား မွှေတံဖြင့် အဆက်မပြတ် မွှေပေး ရသည်။ မီးနှင့်အနီးဆုံး အိုးသည်  အစောဆုံးပွက်ပြီး   အနည်ထိုင်သည်အထိဆက်မွှေနေပြီး     ၎င်းအားအောက်ချ၍ အရည် ပျစ်အောင် ထပ်မံမွှေနှောက် ရသည်။  ထန်းရည်ပျစ်လာသောအခါတွင် သံပြားဆန်ခါပေါ်တွင်တင်၍ အလုံးလုံးသည်။ ထို့နောက် ချထားသောဒယ်အိုးနေရာတွင် နောက်ထပ်ဒယ်အိုးကိုတင်၍ မပွက်သေးသော ထန်းရည်အပြည့်ထည့်ထားသည့်အိုးများမှ ပူနေသောထန်းရည်ချိုကိုထည့်ပြီး ပထမ နည်းအတိုင်း  ဆက်လက်ပြုလုပ်သည်။ ထန်းလျက်တစ်ပိဿာရရှိစေရန် အချိန်တစ်နာရီခန့် ကျိုချက် ရသည်။  ကျောက်ပန်းတောင်းနယ်ရှိ အချို့နေရာများတွင် ထန်းလျက်တစ်ပိဿာအတွက် ထန်းရည် လေးမြူခန့်ကျိုချက်ရပြီးအချို့နေရာများတွင်  ခြောက်မြူခန့်အထိ  ကျိုချက်ရကြောင်းသိရသည်။  

    ထန်းလျက် ၁၀ ပိဿာရရှိရန်အတွက်  အလေးချိန် သုံးတန်ရှိ  နှမ်းရိုး၊ စွန့်ပစ်ထန်းလျက်၊ ထန်းနို့ခိုင်တို့ကို ထင်းအဖြစ်နှင့် နွားလှည်း၏သုံးပုံတစ်ပုံခန့် အသုံးပြုရသည်။ ထန်းလျက်ပိဿာ ၃၀  ရရှိရန်အတွက် ထန်းရည်ချို ၂၄ မြူကို ထင်းနွားလှည်းတစ်စီးတိုက်အသုံးပြုကျိုချက်ရသည်။ ၆ ပေခန့်အရှည်ရှိ ကြိုးများဖြင့်  ထန်းရည်မြူအိုးများကို  ချည်နှောင်ထားရသည်။ 

    ထန်းလျက်အချဉ်ပေါက်ခြင်းကို  ကာကွယ်ရန် မြူအိုးကိုရေစိမ်ပြီး မီးမြှိုက်ခြင်းဖြင့် မြူအိုးတွင် မှိုင်းကပ်ပြီး အချဉ်မပေါက်စေနိုင်တော့ပေ။  ထန်းရည်အချိုမှအခါးသို့ပြောင်းလိုလျှင် ထန်းရည် အနည်(အလင်) ထည့်ပေးရသည်။ ထန်းပင်တွင်ချည်နှောင်ထားသည့်   မြူအိုးများကို တစ်နေ့လျှင် နှစ်ကြိမ်နှုန်းဖြင့်  ၁၂  နာရီလျှင်တစ်ကြိမ် သိမ်းဆည်းကြသည်။ 

    အညိုရင့်ရင့်  အမည်းရောင်ထန်းလျက်များကို အရက်ချက်လုပ်ရာတွင် အသုံးပြုရပြီး အရည်ပျစ်စေရန်ပိုမို၍မွှေပေးရသည်။ သာမန်မုန့်များပြုလုပ်ရန်အတွက်အသုံးပြုရသော အနီရောင် ထန်းလျက်များရရှိစေရန် ပုံမှန်သာမွှေပေးရသည်။ အလွတ်စားသုံးရန်အတွက် ထန်းလျက်ဖြူများရရှိရန် ထန်းပင်သက်ရင့်ပြီး ထန်းရည်မြူအိုးသန့်ရှင်းရန် အထူးလိုအပ်ပါသည်။ 

    ထန်းရည်မှသကာရည်ထုတ်လုပ်ပုံနည်း ခေတ်မီနည်းစနစ် 

        ခေတ်မီနည်းစနစ်ပုံစံဖြင့် ထန်းရည်မှ သကာရည် (တင်လဲရည်)ချက်လုပ်မှုအဆင့်ဆင့်ကို ဖော်ပြလို ပါသည်။ ပထမဦးစွာ ထန်းရည်တွင်ပါဝင်သော အမှိုက်သရိုက်များ၊ အမှုန်အမွှား၊ သဲ၊ ခဲ၊ အနည်အနှစ်များ သန့်စင်ရသည်။ ထိုသန့်စင်ပြီး ထန်းရည်ကြည်များကို ချက်ဒယ်အိုး (Stainless Steel Pan) အတွင်းသို့  ၁၀၀°C မှ ၁၁၀°C အတွင်းရရှိစေရန် ချိန်ညှိထားပြီး လေဟာနယ်စနစ် (Vaccum System) ဖြင့် သကာရည်အဆင့် အချိုဓာတ်ပါဝင်နှုန်းအတွင်းရရှိသည်အထိချက်လုပ်ရသည်။ ချက်ဒယ်အိုးမှ ထွက်ရှိ လာသော သကာရည်များအား ထုတ်လုပ်မှုနည်းစဉ်ဆက်မပြတ်ရှိစေရန်နှင့် အေးခဲမသွားစေရန် မွှေတံဖြင့်  မွှေပေးထားပြီး Steam Jacket Receiver နှစ်ခုဖြင့် အလှည့်ကျဆောင်ရွက်စေသည်။ Receiver နှစ်ခုမှ ထွက်လာသော သကာရည်များအား Stainless Steel  Tray  များအသုံးပြု၍ အအေးခံ ယူခြင်းဖြင့်လည်းကောင်း၊ သကာရည်အဆင့်အတွက် ပီပါခွံများဖြင့်လည်းကောင်း စုဆောင်းရယူသည်။  

    စုဆောင်းထားသောသကာရည်များကို သကြားအညိုချက်ခြင်းနှင့် အရက်ချက်လုပ်ခြင်းတို့ ပြုလုပ်နိုင် ပါသည်။ 

    ထန်းပင်မှရသောထန်းရည်ဖြင့် စားသောက်စရာအမျိုးမျိုး ပြုလုပ်စားသောက်နိုင်ခြင်း၊ ထန်းသားဖြင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်အသုံးပြုနိုင်ခြင်းနှင့် ထန်းပင်မှအသုံးမလို ပိုလျှံသည့် စွန့်ပစ်ပစ္စည်းတစ်ခုမှမရှိခြင်း  စသည်ဖြင့် ဘက်စုံအသုံးဝင်သည့်အဖိုးတန်ထန်းပင်၏အကြောင်းကို လက်လှမ်းမီသမျှ တင်ပြလိုက်ရပါသည်။       

    မြဝတီဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
4
comments
0
views
2819