ပဲကြီးစိုက်ပျိုးနည်း
မြန်မာအမည် - ပဲကြီး
အင်္ဂလိပ်အမည် - Lablab bean or Indian bean
ရုက္ခဗေဒအမည် - Dollchos lablab
မျိုးရင်း - Leguminosae
ပဲကြီးသည် အိန္ဒိယနိုင်ငံ၏ အဓိကအစားအစာ နှစ်ရှည်သီးနှံပင်ဖြစ်သည်။ တိရိစ္ဆာန်အစာအဖြစ်သော် လည်းကောင်း ပဲအဖြစ်သော်လည်းကောင်း ဟင်းသီးဟင်းရွက် သီးနှံအဖြစ်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုကြသော သီးနှံလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကျေးလက်နေ ပြည်သူအများစုသည် ဟင်းသီးဟင်းရွက် သီးနှံအဖြစ် အိမ်များ၌သာ အများဆုံး စိုက်ပျိုးကြပါသည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းစျေးကွက်၌ ဝယ်လိုအားကောင်းသောသီးနှံလည်းဖြစ်သည်။ ထို့ကြောင့်ပဲကြီး သည် စီးပွားရေးအရ တွက်ခြေကိုက်သော သီးနှံဖြစ်လာသည်အလျောက် တစ်နေ့ထက်တစ်နေ့ စိုက်ပျိုးမှုသည် များပြား လာခဲ့ပါသည်။
ပဲကြီး၏အသုံးဝင်မှုများနှင့် အကျိုးကျေးဇူးများ
▪️ ပဲကြီးပင်ကို သစ်စိမ်းမြေသြဇာ (သို့မဟုတ်) ကျွဲစာ၊ နွားစာ အဖြစ် အသုံးပြုကြသည်။
▪️ ပဲကြီးပင်သည် နိုက်ထရိုဂျင် ဖမ်းယူမှုအားကောင်းသော သီးနှံလည်းဖြစ်သည်။
▪️ အသီးတောင့်ကို ဟင်းသီးဟင်းရွက်သီးနှံအဖြစ်စားသုံးကြသည်။
▪️ အစာချေဖျက်မှုအတွက် အလွန်ကောင်းမွန်သည်။
▪️ ပဲကြီးတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။
▪️ ပဲကြီးကို စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေသည်။
▪️ ပဲကြီးတွင် ပရိုတိန်းဓာတ်များ မြင့်မားစွာပါဝင်ပါသည်။
စိုက်ပျိုးနိုင်သောမြေအမျိုးအစားနှင့် ရာသီဥတု
မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ နုန်းမြေကို ပို၍ ကြိုက်နှစ်သက်သည်။ မြေချဉ်မြေငံတွင်လည်း ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငံကိန်း ၈.၅ အထိခံနိုင်ရည် ရှိသည်။
အအေးကြိုက်သော သီးနှံဖြစ်ပြီး အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသများတွင်လည်း စိုက်ပျိုးရန် သင့်တော်သည်။ မြင့်မားသော အပူချိန်နှင့်စိုထိုင်းဆသည် အပင်ကြီးထွားရန် အတွက်အထောက်အကူပြုသည်။ အများအားဖြင့် အစေ့ဖြင့်သာ မျိုးပွားသည်။
မြေပြင်ခြင်းနှင့် စိုက်ပျိုးခြင်း
ထယ်ရေးနက်နက်ထွန်၍ ပေါင်းများကိုရှင်းလင်းပြီး တမန်းကို ကောင်းစွာပြုပြင်ရမည်။ မိုးနှောင်းကာလ ဇူလိုင်လသည် အကောင်းဆုံး စိုက်ပျိုးချိန်ဖြစ်ပြီး နိုဝင်ဘာလတွင် ပန်းပွင့်ကာ ဇန်နဝါရီတွင် ရိတ်သိမ်းနိုင်သည်။
မျိုးစေ့နှုန်းထား
မျိုးအလိုက်ကွာခြားမှုရှိနိုင်သည်။ တစ်ဧကအတွက်(၂၀-၂၅)ကီလိုမျိုးစေ့နှုန်းသည် လုံလောက်စွာ စိုက်ပျိုးနိုင်သည်။ ပင်ခြားတန်းခြားမှာ ၃ပေ x ၃ပေ ဖြင့်စိုက်ပျိုးနိုင်သည်။
ရေပေးသွင်းခြင်း
ဆောင်းရာသီတွင် နှစ်ပတ်တစ်ကြိမ် အားဖြင့်သော်လည်းကောင်း၊ နွေရာသီတွင် တစ်ပတ်တစ်ကြိမ် ဖြင့်သော်လည်းကောင်း ရေပေးသွင်းနိုင်ပါကအကောင်းဆုံးဖြစ်သည်။ မြေကြီး ထဲတွင် ရှိသော အစိုဓာတ်ကို လိုက်၍ ရေပေးသွင်းရမည်။
ကြားသီးနှံစိုက်ပျိုးခြင်း
စိုက်ပျိုးသောပင်ကြားတန်းကြား အကွာအဝေးအပေါ်မူတည်၍ ကြားသီးနှံထည့်ခြင်းသည် ဝင်ငွေနှစ်ဆ ပို၍ ရရှိစေနိုင်သည်။ ကြားသီးနှံ စိုက်ပျိုးခြင်းသည် မြေကြီးထဲတွင်ရှိသော နိုက်ထရိုဂျင် ဖမ်းယူမှုကိုလည်း အကူအညီပေးသည်။ ကြားသီးနှံအနေဖြင့် လူး၊ဆပ်၊ပြောင်း၊နှံစားပြောင်း၊မြေပဲ စသည့် သီးနှံများ ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။
မြေသြဇာထည့်သွင်းခြင်း
ပဲမျိုးနွယ်ဝင်ဖြစ်သောကြောင့် နိုက်ထရိုဂျင် အနည်းငယ်သာ လိုအပ်သည်။ တစ်ဧကလျှင် တိရစ္ဆာန်ချေး ၅တန် မှ ၈တန် ၊ နိုက်ထရိုဂျင် ၁၀ ကီလို နှင့် ဖော့စ်ပရပ် ၂၀ ကီလို ကို စိုက်ပျိုးချိန်၌ ထည့်သွင်းအသုံးပြုပေးရမည်။ ကြားသီးနှံအပေါ်လိုက်၍ မြေသြဇာထည့်သွင်းမှု ကွဲပြားနိုင်သည်။
ရိတ်သိမ်းခြင်း
စိုက်ပြီး (၃)လ အကြာတွင် ရိတ်သိမ်းနိုင်သည်။ လက်ဖြင့်ရိတ်သိမ်းလျှင် အပင်အောက်ခြေအထိ ရိတ်ယူနိုင်သည်။ အရည်အသွေးကောင်းစေရန်အတွက် ရိတ်သိမ်းချိန်ကို နံနက် (သို့မဟုတ်) ညနေစောင်းတွင် ရိတ်သိမ်းပေးရမည်။
အထွက်နှုန်း
စိုက်ပျိုးသောနည်းစနစ်အပေါ်မူတည်၍ သော်လည်းကောင်း၊ မျိုးပေါ်လိုက်၍ သော်လည်းကောင်း အထွက်နှုန်းကွာခြားနိုင်သည်။ တစ်ဟက်တာတွင် အသီးတောင့် ၁၀,၀၀၀ ကီလို မှ ၁၂,၀၀၀ ကီလို အထိ ထွက်ရှိနိုင်ပါသည်။ ၅ တန် မှ ၁၀ တန်အထိ တိရိစ္ဆာန်အစာ အဖြစ်သော်လည်းကောင်း၊ သစ်ရွက်စိမ်း မြေသြဇာအဖြစ်သော်လည်းကောင်း သစ်စိမ်းဓာတ်များ ရရှိနိုင်ပါသည်။
-----------
စိုက်ပျိုးနည်းပညာများ မှ ကိုးသားဖော်ပြသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း