မကွေးတိုင်း အောက်တိုဘာလ ၁ ရက် မှ အောက်တိုဘာလ ၇ ရက်အထိမိုးလေဝသအခြေအနေ
ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ
· ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ အောက်တိုဘာလ ၁ ရက် နံနက်မှ စတင်ပြီး လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပါတယ်။ မြောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားရင်း ပိုမိုအားကောင်းလာပြီး အောက်တိုဘာ ၁ ရက်ညပိုင်းမှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ် ဖြစ်လာနိုင်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ ည မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။
· အောက်တိုဘာ ၃ ရက်နေ့မှာ အရှေ့ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းသည် ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကိုချဉ်းကပ်လာစဉ် ပိုမိုအားကောင်းလာနိုင်ပြီး အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။
· အောက်တိုဘာ ၅ ရက် နံနက်ပိုင်းမှာ တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်တောင်ဘက်ပင်လယ်ပြင်ကိုရောက်ရှိလာတဲ့ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး အာကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တရုတ်ပြည်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း Meteoblue: ECMWF-AIFS Model Forecast ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
· ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်မည့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်မှ အားကောင်းသောအပူပိုင်းမုန်တိုင်းတို့၏ အရှိန်သက်ရောက်မှုများကြောင့် အောက်တိုဘာလ ၁ ရက် မှ ၇ ရက်အထိ ၇ ရက်(၁၆၈ နာရီ)အတွင်း -
o ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၄ လက်မ အထက်ရှိနိုင်ပြီး နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မအောက်(မိုးအသင့်အတင့်)ရွာသွန်းနိုင်သည့်အတွက် ကချင်ပြည်နယ်မြောက်ပိုင်းမှ မြစ်များ(မေခ+မလိခမြစ်)၊ ရခိုင်ပြည်နယ်မှ တောင်ကြောများရှိမြစ်များနှင့် တနင်္သာရီကမ်းရိုးတန်းတလျှောက်တွင် မိုးများပြီးမြစ်ရေများမြင့်တက်လာနိုင်ပါတယ်။ ရုတ်ချည်းရေကြီးခြင်း(Flash Flood)ကို သတိပြုရပါမယ်။
o ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်မှ တောင်ကြောများတွင် မြေပြိုခြင်းများဖြစ်နိုင်ပါတယ်။
o မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါမယ်။
o အလယ်ပိုင်းမိုးနည်းရေရှားဒေသများတွင် မိုးအားလျော့ကျနိုင်ပြီး မိုးဖွဲရွာနိုင်ခြင်းတော့ ဆက်ရှိနေနိုင်ပါတယ်။
မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက်
Windy နှင့် Ventusky ကြိုတင်ခန့်မှန်းရေး model များမှ ရရှိသည့်အချက်အလက်များအရ -
· အောက်တိုဘာ ၁ ရက် မှ ၇ ရက် အတွင်း မကွေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ -
o မကွေးမြို့နယ်/ခရိုင် ၁.၂ လက်မ မှ ၂.၁ လက်မ
o မင်းဘူးမြို့နယ်/ခရိုင် ၁.၁ လက်မ မှ ၁.၉ လက်မ
o ပခုက္ကူမြို့နယ်/ခရိုင် ၁.၃ လက်မ မှ ၂.၃ လက်မ
o ဂန့်ဂေါမြို့နယ်/ခရိုင် ၁.၀ လက်မ မှ ၁.၈ လက်မ
o သရက်မြို့နယ်/ခရိုင် ၁.၄ လက်မ မှ ၂.၄ လက်မ
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊
· အောက်တိုဘာလ ၄ ရက်နေ့မှ ရက်သတ္တပါတ်ကုန်ဆုံးသည့် ၇ ရက်နေ့အထိ ခံစားရသည့်အပူချိန်(Feels Like Temperature)၃၉°C ရှိနိုင်ပါမယ်။
· မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆသည် နေ့လည်နေ့ခင်းအချိန်များတွင် ၆၀% ခန့်ရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်များမှာ ၉၀% အထိရှိနိုင်ပါတယ်။
· တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆအများဆုံး ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါမယ်။
မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI level) 30 ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။
Win Naing
Administration Team,
MMWEATHER,
မြေပဲသိမ်းတော့မည့်တောင်သူများအတွက်အကြံပြုချက်
- မြေပဲပင်သက်တမ်းပြည့်ပါက အရွက်များ ရင့်ဝါလာချိန် (သို့) မြေပဲပင်တွင် အတောင့်၏ (၇၀)ရာခိုင်နှုန်းခန့် ရင့်မှည့်ချိန်ဖြစ်ပါက နှုတ်သိမ်းပါ။
- ရိတ်သိမ်းချိန်တွင် အစိုဓာတ်ရှိ၍ ၃-၄ ရက်ခန့် နေလှန်းပြီး အခြောက်ခံပေးပါ။
- ခြောက်သွားပါက လေလုံအောင်သိမ်းဆည်းပေးပါ။
- မျိုးအဖြစ် သိုလှောင်မည် ဆိုပါက မြေပဲတောင့်များကို နေရောင်အောက်တွင် တိုက်ရိုက်မလှန်းပဲ အရိပ်အသင့် အတင့်ရသော နေရာတွင် ခပ်ပါးပါး ဖြန့်လှန်း၍ အစိုဓါတ် ၆ မှ ၉% တနည်းအားဖြင့် အတောင့်ကို ကိုက်ကြည့်ပါက ထောက်ကနဲ အသံမြည်သွားချိန်တွင် လေလုံအောင် ပိတ်၍ အမိုးအကာအောက်တွင် သိုလှောင်ပေးပါ။
ငါးရောဂါများအကြောင်း အကြံပြုချက်
ငါးများရောဂါကျရောက်ခြင်းသည် လက်ခံကောင် (ငါးမှပါလာခြင်း) ကြောင့်ဖြစ်ခြင်း၊ ကန်ရေ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် ကျရောက်ခြင်း၊ အစာမလတ်ဆတ်ခြင်းကြောင့် ကျရောက်ခြင်း ၊ ပတ်ဝန်းကျင်အနီးအနားမှ ကူးစပ်ခြင်းကြောင့် ဖြစ်ပါသည်။
ဖြစ်တတ်သော ရောဂါများသည် ဘက်တီး ရီးယားကြောင့်ဖြစ်ခြင်း ၊ဗိုင်းရပ်ပိုးကြောင့်ဖြစ်ခြင်း ၊ကပ်ပါးကောင်ကြောင့်ဖြစ်ခြင်းနှင့်မှို တို့ကြောင့် ဖြစ်ပါ တယ်။ ဖြစ်တဲ့ရောဂါကိုကြည့်ပြီး ဆေးဝါးများကိုသုံးရပါမည်။
ကပ်ပါးပိုး၊ ဂျိတ်ပိုးများကျရောက်ပါက ငါးငယ်စဉ်တွင် (၃.၅%) ဆားရည်စိမ်ပေးပါ။ ကန်အား အခြောက်ခံခြင်းနှင့်ထုံးပက်ခြင်းကို လုပ်ပေးပါ။ ရောဂါကျရောက်ပါက Acriflavin 1g/100L နှုန်းဖြင့် စိမ်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။
----------
ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနှင့်ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း