မကွေးတိုင်း အောက်တိုဘာလ ၂၉ ရက် မှ နိုဝင်ဘာ ၄ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ
· ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်း MONTHA သည် အောက်တိုဘာ ၂၈ ရက် ညတွင် အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း၊ ကုန်းတွင်းလေပွေလှိုင်းအဖြစ် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နိုဝင်ဘာ ၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းအထိ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF model မှ ခန့်မှန်းလမ်းကြောင်းမှာတွေ့ရပါတယ်။
· တောင်တရုတ်ပင်လယ်မှ ဗီယက်နမ်နိုင်ငံတောင်ဘက် ကမ်းနီးပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည်အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့အတွင်းကို ရောက်လာနိုင်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တနင်္သာရီတိုင်း မြိတ်မြို့တောင်ဘက်မှ ဖြတ်သန်းပြီး ကပ္ပလီပင်လယ်ပြင်သို့ အောက်တိုဘာ ၃၁ ရက်နေ့မှာဝင်ရောက်လာနိုင်ပါတယ်။
· ကပ္ပလီပင်လယ်ပြင်မှတဆင့် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကို ကိုကိုးကျွန်းနှင့် မော်တင်စွန်းကြားမှ ဖြတ်သန်းပြီး ရွေ့လျားဝင်ရောက်လာနိုင်ပါတယ်။
· ဆိုင်ကလုန်းမုန်တိုင်း MONTHA ၏ အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်လာနိုင်သည့် လေပွေလှိုင်းတို့၏ သက်ရောက်မှုများကြောင့် -
§ အောက်တိုဘာ ၃၀ ရက် ည မှ စတင်၍ နိုဝင်ဘာလ ပထမပတ်ကုန်ဆုံးသည်အထိ မြန်မာနိုင်ငံအနှံ့မှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍မိုးသည်းထန်နိုင်ပါတယ်။
§ ICON MODEL ကြိုတင်ခန့်မှန်းချက်များအရ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပြီး အထက်ပါတိုင်းဒေသများအတွင်း နေရာကွက်၍ မိုးသည်းထန်ခြင်းများ ရှိနိုင်ပါတယ်။
မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက်
· မကွေးတိုင်းမြောက်ပိုင်း - ဂန့်ဂေါ၊ ပခုက္ကူဒေသများတွင် မိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မ(80–100 mm) ရွာသွန်းရရှိနိုင်ပါမယ်။
· မကွေးတိုင်းအလယ်ပိုင်းမြေပြန့်ဒေသ၊ မကွေးနှင့် မင်းဘူးမြို့အနီးဝန်းကျင်ဒေသများမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး ၇ ရက် မိုးရေချိန် ၂ လက် မ မှ ၃ လက်မအထိ ရွာသွန်းရရှိနိုင်ပါမယ်။
· မကွေးတိုင်းတောင်ပိုင်း မင်းတုန်းနှင့်တောင်တွင်းကြီးဒေသတွင် မိုးရေချိန်အနည်းဆုံး ၇ ရက် မိုးရေချိန် ၂ လက်မအောက် - ၁ လက်မအထက် ရွာသွန်းရရှိနိုင်ပါမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၃°C ရှိနိုင်ပြီး၊ နိုဝင်ဘာ ၄ ရက်နေ့မှ စတင်၍ နေ့အပူချိန်များ သိသိသာသာကျဆင်းလာနိုင်ပါတယ်။
· မကွေးမြို့၊ ပွင့်ဖြူမြို့၊ ဆင်ဖြူကျွန်းမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့၊ ကျောင်းတော်ရာ(၁)(၂)၊ အောင်သာမြို့နှင့် မင်းဘူးမြို့များတွင် အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်နေ့အတွင်း ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၉°C မှ ၄၀°C အထိရှိနိုင်ပါမယ်။
· မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆ ၅၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၆၀% ခန့် ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၈၀% ခန့်ရှိနေနိုင်ပါတယ်။
မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 80 to 100 - အသင့်အတင့်(In Moderate Range)မှာ ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ မကွေးတိုင်းအတွင်း AQI ကိန်းများသည် ယခင်တပတ်ကထက် မြင့်တက်လာသည်ကိုတွေ့ရသည့်အတွက် တောင်ယာမီးရှို့ခြင်း နှင့် ရိုးပြတ်များမီးရှို့ခြင်းတို့ကို လျှော့့ချသင့်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
မကွေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးတောင်သူများအတွက်
ဘက်တီးရီယားရွက်ပြောက်ရောဂါ ကာကွယ်ရန်စိုက်ပျိုးရေးအကြံပြုချက်
မကွေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးရာတွင် ဘက်တီးရီယားရွက်ပြောက်ရောဂါမှာ အပင်အပေါ်ပိုင်းတွင် အများဆုံး ကျရောက်တတ်ပြီး အရွက်၊ ပင်စည်၊ အသီးပေါ်တွင် အညိုရောင် အဝိုင်းဒဏ်ရာများ ပေါ်လာသည်။ အဝါရောင်ပြောင်းလာပြီး အချို့သော အရွက်များတွင် အပေါက်ပုံစံများ ဖြစ်နေသည်ကို တွေ့နိုင်သည်။ ဒဏ်ရာများ ဆက်လာသောအခါ အရွက်များ ခြောက်လာပြီး ကြွေကျသည်အထိဖြစ်နိုင်သည်။ အသီးပေါ်ရှိ ဒဏ်ရာများသည် သေးငယ်သော အစက်ပြောက်များအဖြစ် စတင်ပြီး နောက်ပိုင်းတဖြည်းဖြည်း ဖောင်းလာကာ အနာဖေးပုံစံကဲ့သို့ ဖြစ်လာသည်။
ကာကွယ်နှိမ်နင်းနည်းများ
- ရောဂါ၊ ပိုးမွှားကင်းစင်သော ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။
- ပျိုးပင်များကို ရေများစွာ ပေးခြင်း ရှောင်ပါ။
- ရေဆင်းအားကောင်းသော မြေမျိုးတွင် စိုက်ပျိုးပါ။
- သီးနှံအကြွင်းအကျန်များကို ထယ်ထိုးထွန်မှောက်ပေးပါ။
- မျိုးရင်းမတူသောသီးနှံဖြင့် သီးလှည့်စိုက်ပျိုးပါ။
- ဆေးသုံးမည်ဆိုပါက Bismerthiazol နှင့် ကော့ပါးပါဝင်သောဆေး များအား ရက်ခြားအလိုက် တစ်လှည့်စီ ဖျန်းပါ။
ငါးကန်ရေချဉ်ဖန်နှုန်း ကျဆင်းခြင်းအား ပြုပြင်နည်း
ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းပါက ကန်အတွင်း အောက်စီဂျင်လျှော့နည်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အဆိုပါကိစ္စသည် မိုးကာလတွင် အဖြစ်များပါသည်။ ညနေပိုင်း (၄)နာရီတွင် ကန်ရေ၏ချဉ်ဖန်နှုန်းသည် တက်ရမည့်အစား သတ်မှတ်ချက်ထက် နိမ့်ကျနေပါက အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။
pH နိမ့်ခြင်းကို ပြုပြင်နည်းများ (တဧက၊ တစ်မီတာအနက်တွင်)
CaO, Ca(OH)₂ — 30 မှ 60 ပိဿာ / ဧက
CaCO₃, CaMg(CO₃)₂ — 50 မှ 100 ပိဿာ / ဧက
-----------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း