ရန်ကုန်တိုင်းမိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်
ရန်ကုန်တိုင်း နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက်ခြင်း(Atmospheric instabilities) အခြေအနေများ
· ဘင်္ဂလားပင်လယ်အော်-အရှေ့အလယ်ပိုင်း၊ ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း(အိန္ဒိယမိုးလေဝသဌာန ၂/၁၁/၂၀၂၅ ရက် သတင်းစာရှင်းလင်းပွဲမှ အတည်ပြုပြီး) သည်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နိုဝင်ဘာ ၅ ရက် နေ့ည မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကို အများဆုံး မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။
· ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှ အပူပိုင်းမုန်တိုင်း KALMAEGI သည် နိုဝင်ဘာ၃ ရက်နေ့တွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး၊ နိုဝင်ဘာ ၄ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက်၊ နိုဝင်ဘာ ၅ ရက်နေ့မှာ တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာနိုင်ပါမယ်။ အနောက်ဘက်ဗီယက်နမ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေအနီးချဉ်းကပ်စဉ် အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်း(VST – Very Strong Typhoon) ဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှုရှိနိုင်မည့် မိုးလေဝသအခြေအနေများ
· ဘင်္ဂလားပင်လယ်အော်ဘက်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၉ ရက် အထိ တနိုင်ငံလုံး နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နေနိုင်ပါတယ်။
· အရှေ့ဘက် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်များ ရွေ့လျားဝင်ရောက်နိုင်မည့်အခြေအနေကြောင့် နိုဝင်ဘာ ၇ ရက် မှ နိုဝင်ဘာ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသများ(ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း)တွင် မိုးအသင့်အတင့်မှ နေရာကွက်၍မိုးများနိုင်ပါတယ်။
· လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များကြောင့် တနိုင်ငံလုံးမှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ မိုးများသည့်ဒေသများရှိနိုင်ပါတယ်။ နိုဝင်ဘာ ၃ ရက် မှ ၉ ရက်(၇ ရက်အတွင်း) ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မအထက် မှ ၇ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။
· အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်သော “အားပျော့သောလာနီညာ” နှင့် “အိန္ဒိယနီညို - IOD negative” ဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေကြောင့် နိုဝင်ဘာ ၃၀ ရက် မိုးလွန်ကာလကုန်ဆုံးသည်အထိ မိုးအနည်းငယ်ဆက်လက်ရွာသွန်းနိုင်သည့်အတွက် အခါလွန်မိုး/ဖျက်မိုးအန္တရာယ်ကို မပြတ်ဂရုတစိုက် စောင့်ကြည့်ကြရပါမယ်။
ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်
#ရန်ကုန်တိုင်းအတွက် နိုဝင်ဘာ ၃ ရက် မှ နောက် ၃ ရက်အတွင်း မိုးအသင့်တင့်ဆက်လက်ရွာနိုင်ပြီး၊ နိုဝင်ဘာ ၆/၇/၈ ရက်တွေမှာ မိုးအားလျော့နည်းကာ နိုဝင်ဘာ ၉ ရက်နေ့မှာ တဖန်ပြန်၍ မိုးအသင့်အတင့်ရွာနိုင်ပါတယ်၊ နိုဝင်ဘာ ၉ ရက်အထိ နေရာကွက်၍ မိုးများနိုင်သည့်အခြေအနေရှိတာကြောင့်လဲ ရန်ကုန်မြို့တွင်းနေရာတွေမှာ မိုးများရင် များသလို-ရေကြီးရေလျှံနိုင်တာတွေ ရှိနေပါဦးမယ်
#ရန်ကုန်တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းခရိုင်/မြို့နယ်တွေဖြစ်တဲ့ ကျောက်တန်း၊ သံလျှင်၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ခရမ်း စ တဲ့ မြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မှ ၆ လက်အထက် ရွာသွန်းရရှိနိုင်ပါတယ်။
# ရန်ကုန်မြို့တွင်းမြို့နယ်များနဲ့ ရန်ကုန်မြောက်ပိုင်းက မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မအထက်ရွာသွန်းနိုင်ပါတယ်။
· ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ခရိုင်များရဲ့(၂၄ နာရီအတွင်း) နေ့စဉ်ပျမ်းမျှ ရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန်က ၁ လက်မ အောက်မှာပဲ ရှိနိုင်ကြောင်းတွေ့ရပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ
· ရန်ကုန်တိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ အမြင့်ဆုံးအပူချိန်တွေကို နိုဝင်ဘာ၈ ရက် နဲ့ ၉ ရက်နေ့တွေမှာ ခံစားရနိုင်ပါတယ်။
· ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၄၀°C အထိရှိနိုင်ပါမယ်။
· ယခု ၁ ပတ်အတွင်း အရှေ့ဘက်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၁၈ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ နိုဝင်ဘာ ၃ ရက်နေ့တွင် လှိုင်းအမြင့်ဆုံး ၄ ပေ ခန့်ရှိနိုင်ပြီး အဲ့ဒီရက် နောက်ပိုင်းမှာ လှိုင်းအမြင့် ၂ ပေခန့်အထိ ပြန်ကျသွားနိုင်ပါတယ်။
· ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါတယ်။
ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “40” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။
--
Win Naing
Administration Team,
MMWEATHER,
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဂန္ဓမာစိုက်တောင်သူများထံသို့
ဖျူစေရီယမ်ပင်ညှိုးရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်
- မြေဆောင်မှိုဖြစ်တဲ့ ရောဂါလက္ခဏာစတင်တွေ့မှ ဆေးဖျန်းခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။
- အပင်အဖူးအပွင့်ဝင်ချိန်မှ အပင်တစ်ခြမ်းတည်းဝါပြီး ညှိုးလာတဲ့လက္ခဏာကိုတွေ့ရပါတယ်။
- ဝါပြီးညှိုးနေတဲ့အပင်ကိုနုတ်ယူဖယ်ရှား ရှင်းလင်းပြီးမှ ဆေးဖျန်းတာ အထိရောက်ဆုံးဖြစ်ပါတယ်။
- ရောဂါကျရောက်ပါက နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ ပုလဲသီးသန့်မြေဩဇာတွေကို အလွန်အကျွံမသုံးပါနဲ့။
- ပိုတက်ရှ်သီးသန့်မြေဩဇာကိုထည့်ပေးပါ။
- အပင်ခြေမြေကြီးဘောင်ကို Hymexazol ရွှဲနေအောင်ဖျန်းပေးပြီး၊ အပင်ပေါ်ပိုင်းကို Pyraclostrobin (သို့မဟုတ်) Trifloxystrobin+ Tebuconazole ကိုရွေးချယ်ဖျန်းပေးနိုင်ပါတယ်။
ပျော်ဝင်အောက်စီဂျင်ရရှိစေရန် ဆောင်ရွက်နည်း
ငါး၊ ပုစွန်မွေးမြူရေးကန်များအတွက် အရေးကြီးသော ဓါတုဗေဒအချက်မှာ ပျော်ဝင်အောက်စီဂျင် ဖြစ်ပါသည်။ ပျော်ဝင်အောက်စီဂျင် DO ရရှိစေနိုင်သောနည်းလမ်းမှာ (၁)သဘာဝလေတိုက်ခိုက်ခြင်း (၂)ရေနေအပင်နှင့် အပင်မျှောလှေးတို့မှ အလင်းအမှီစုဖွဲ့ခြင်း (၃) လေပေးကိရိယာသုံးခြင်း (၄)ရေလှယ် ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကန်တည်ဆောက်စဉ်ကတည်းက သဘာဝ လေတိုက်ခိုက် မှု့ ရရှိနိုင်သောနေရာ နှင့် နေအလင်းရောင် ကောင်းစွာရရှိနိုင်သော နေရာဖြစ်ပါက ပျော်ဝင်အောက်စီဂျင် ရရှိမှု့သည် ကောင်းမွန်သော ရူပဆိုင်ရာအချက်ဖြစ်ပါသည်။
-------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း