ရာဇဝင်မသိသော မည်သည့်တိရစ္ဆာန် အရှင်ကိုမဆို ဝယ်မမွေးပါနှင့် !!
ဇီဝလုံခြံရေးဆိုင်ရာ အရေးပါသော တတိယအချက်ဖြစ်သည်။
- ကိုယ်မွေးလိုတဲ့တိရစ္ဆာန်နဲ့ပတ်သက်ပြီး ဘာဆိုဘာမှ မသိတဲ့ တိရစ္ဆာန်အရှင် အငယ်၊အလတ်၊အကြီး ဘယ်အရွယ်ကိုမဆို ဝယ်မမွေးပါနဲ့။ အလကားရလည်း မမွေးပါနဲ့။
- ဘယ်တိရစ္ဆာန်ကို မဆို( ကျွဲ၊နွား၊သိုး၊ဆိတ်၊ကြက်၊ဝက်..) အားလုံးကို ဆိုလိုတာပါ။
#အဲလိုမွေးမိရင် ဘာဖြစ်တတ်သလဲ?
အများကြီးဖြစ်တတ်သလို၊အများကြီးလည်းကြုံခဲ့ကြရပါပြီ။
- တိရစ္ဆာန်မွေးမြူသူတွေဟာ စပြီးမွေးချင်လို့ဖြစ်စေ၊ ထပ်မံတိုးချဲ့ မွေးချင်လို့ဖြစ်စေ သူများဆီမှာ သွားဝယ်ပြီး ဖြည့်လေ့ရှိပါတယ်။ အဲလိုဝယ်မွေးတဲ့အခါမှာ ဝယ်မဲ့ခြံရဲ့ရာဇဝင်ကို သိထားဖို့လိုပါတယ်။
-ကိုယ်ဝယ်မယ့် ခြံထဲမှာဖြစ်စေ၊ အဲဒီခြံအနီးမှာ ဖြစ်စေ၊ အဲဒီရွာ/ရပ်ကွက်မှာ ဖြစ်စေ၊ ကူးစက်ရောဂါ တမျိုးမျိုးဖြစ်တယ်၊ သေတယ်ဆိုတာ ရှိမရှိ သေချာလေ့လာရပါမယ်။ အဲဒီခြံမှာတော့ ဘာမှမကြားဘူး၊ သို့သော် အဲ့ဝန်းကျင်မှာ ကူးစက်ရောဂါတမျိုးမျိုးဖြစ်တဲ့တယ်လို့ကြားရင် အဲဒီခြံက တိရစ္ဆာန်တွေကို ဝယ်မမွေးသင့်ပါဘူး။ အဲဒီခြံမှာ ဖြစ်နေတယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။
#ဘာကြောင့်လဲဆိုတော့ ကူးစက်ရောဂါ တမျိုးမျိုးဖြစ်နေပြီဆိုရင် အဲဒီရောဂါပိုးဟာ အဲဒီဝန်းကျင်မှာ အများကြီးရှိနိုင်နေပါပြီ။ အချိန်မရွေး ပတ်ဝန်းကျင်တခုလုံးကို ကူးစက်နိုင်ပါတယ်။ ဆိုပါစို့၊ အဲဒီလိုခြံမှာ ရှိတဲ့တိရစ္ဆာန်ကို ကိုယ်က သွားကြည့်လို့ အဲဒီတိရစ္ဆာန်တွေက လန်းလန်းဆန်းဆန်းနဲ့ အစာလည်းစား၊ ပကတိ ကျန်းမာတဲ့ ပုံပေါ်ပြီး နေကောင်းပေါ်နေမှာပါ။ ဒါပေမဲ့ အဲဒီကျန်းမာနေပါတယ်ဆိုတဲ့ တိရစ္ဆာန်အထဲမှာ ရောဂါပိုးတွေ ဝင်ရောက်နေပြီး ဒုက္ခပေးတဲ့အဆင့်မရောက်သေးတာဘဲရှိတာပါ။ (အဲဒါကို “ရောဂါပိုးပျိုးနေတဲ့ကာလ”လို့ခေါ်ပါတယ်)။ အနည်းငယ်ကြာတဲ့အခါမှာ အဲဒီတိရစ္ဆာန်ကိုဒုက္ခပေးတဲ့ အဆင့်ရောက်သွားပြီး ရောဂါဖြစ်တာကို စတွေ့တော့မှာပါ။ (အဲဒါကို “ရောဂါပိုးပျိုးပီးကာလ”လို့ ခေါ်ပါတယ်)။ ကိုယ်ကကျန်းမာနေတယ်ထင်လို့ ဝယ်လိုက်တဲ့တိရစ္ဆာန်ဟာ ကိုယ့်လက်ထဲရောက်လို့ မကြာခင်မှာ ရောဂါစဖြစ်ပီး ဝယ်လာတဲ့အကောင်တွေလည်း ရောဂါဖြစ်၊ ကိုယ်လက်ရှိခြံထဲမှာရှိတဲ့တိရစ္ဆာန်တွေကိုလည်း ကူးစက်ပြီး တခြံလုံး ရောဂါဖြစ်မယ်၊ သေမယ်၊ ဆုံးရှုံးမယ်ပေါ့။
-ဒါကြောင့် ရာဇဝင်မသိတဲ့တိရစ္ဆာန်ဆိုရင် မမွေးသင့်ပါဘူး။
#ကြုံလို့ နောက်ဥပမာ တခုကိုပြောပြချင်ပါတယ်။
တချို့ဒေသတွေမှာ နွား၊ဝက်၊ကျွဲ၊သိုး၊ဆိတ်တွေ အစုံရောင်းတဲ့ (အရပ်အခေါ် - နွားပွဲ)စျေးတွေရှိပါတယ်။ တချို့နေရာတွေမှာဆို တိရစ္ဆာန်အငယ်လေးတွေကို ခြင်းထဲထည့်ပြီး ဆိုက်ကယ်နဲ့ ရွာစဥ်လိုက် ရောင်းတာတွေရှိပါတယ်။ သူတို့အိမ်/ခြံမှာ မွေးထားတဲ့တိရစ္ဆာန်တွေက ရောဂါဖြစ်လို့ သေတဲ့အကောင်လည်းရှိမယ်၊ ရောဂါဖြစ်နေတဲ့အကောင်တွေလည်း ရှိမယ်။ ဘယ်သူမဆိုရောင်းမယ်ဆိုရင် ရောဂါ ဖြစ်လို့ မှိုင်နေပြီး အစာမစားတဲ့အကောင်တွေကို လာမရောင်းပါဘူး။ သူတို့စိတ်ထဲ ကောင်းနေတယ်ဆိုတဲ့ အကောင်တွေကိုဘဲ လာရောင်းမှာပါ။ ဒါပေမဲ့ အပေါ်ကရှင်းပြထားတဲ့ အတိုင်းပါဘဲ၊ ရောဂါလက္ခဏာ မပြသေးတာဘဲရှိမယ်၊ ရောဂါပိုးတွေက အဲဒီလာရောင်းတဲ့အကောင်တွေမှာ ပါနေပြီလေ၊ ရောဂါပိုး ပျိုးရက်ပြီးသွားရင်တော့ ရောဂါစဖြစ်တာ တွေ့ရတော့မှာပေါ့။ အဲဒါကြောင့် ရာဇဝင်မသိတဲ့ တိရစ္ဆာန်တွေကို ဝယ်မမွေးပါနဲ့လို့ ပြောရတာပါ။ (အဲလိုရောင်းနေတဲ့တိရစ္ဆာန်တွေ ရောဂါပါတယ်လို့ စွပ်စွဲတာမဟုတ်ပါဘူး၊ တကယ်ကောင်းတဲ့ အကောင်တွေလည်း အများကြီးရှိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဘက်က စိတ်ချချင်ရင်တော့ ရာဇဝင်မသိရင် မဝယ်တာ အကောင်းဆုံးလို့ ဆိုချင်တာပါ။)
-ဒီတော့ ရာဇဝင်သေချာ သိတဲ့ခြံက တိရစ္ဆာန်တွေကိုဘဲ မွေးဖို့အကြံပြုလိုပါတယ်။
#ထပ်ပြီးအကြံပြုချင်တာက ရာဇဝင်သိလို့ စိတ်ချပြီးဝယ်ခဲ့တဲ့တိရစ္ဆာန်တွေကိုတောင် ကိုယ့်မှာ အိမ်ခံတိရစ္ဆာန်တွေနဲ့ ရောမထားဘဲ ခပ်ဝေးဝေးခြံတခြံမှာ သီးသန့်ထားပြီး အနည်းဆုံး ၇ ရက်၊ အများဆုံး ၁၄ ရက် ထားပြီး အားလုံးကျန်းမာတာတွေ့မှ ရောချင်ရောထားပါ။ အဲဒါကတော့ လက်တွေ့မှာ မလွယ်ပါဘူး၊ ဒါပေမဲ့ ဖြစ်နိုင်ရင် အဲလိုလုပ်တာ ပိုစိတ်ချရပါတယ်။
-အဲဒီလို ရာဇဝင်သိတဲ့တိရစ္ဆာန်ကို ဝယ်မွေးခြင်းဟာ ရောဂါ/ရောဂါပိုးပါမလာအောင် လုပ်တာဖြစ်တဲ့အတွက် ဇီဝလုံ ခြုံရေးနဲ့ဆိုင်တဲ့ အချက်တချက်ဖြစ်ပါတယ်။ အရင်ကပြောခဲ့သလိုပါဘဲ၊ ကိုယ်လည်းလုပ်၊ သူများကိုလည်း လုပ်ခိုင်းပါ။
----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း