မန္တလေးတိုင်း ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် မြန်မာပြည်တွင်း အအေးပိုနေနိုင်မည့်ဒေသများ
· အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် မုန်တိုင်းဖြစ်ပေါ်နိုင်ချေမရှိတော့ပါ၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များလျော့နည်းနေနိုင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့၌ ၁၀°C အောက်တွင်ဆက်လက်ရှိနေနိုင်ပါတယ်။
· ယခုတပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းနှင့် ပန်ဆောင်တောင်ကြားဒေသတွေမှာ အပူချိန် ၁၀°C အောက် ၄°C ခန့်အထိရှိနေနိုင်ပါတယ်။ အလားတူ ကချင်ပြည်နယ် နောင်မွန်း၊ မချမ်းဘော၊ ပူတာအို၊ ဆွန်ပရာဘွမ်၊ ကန်ပိုက်တီး၊ ခေါင်လန်ဖူး၊ ဆော့လော်ဒေသတွေမှာ ၅°C အောက်အထိ ကျဆင်းနေနိုင်ပါမယ်။
၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ
· ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် တိမ်အနိမ့်အနည်းငယ်မှအသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာရန်မရှိပါ။ နံနက်အစောပိုင်းနှင့် ညပိုင်းမှာ မြူဆိုင်းသောအခြေအနေ(hazy-weather-conditions) ဖြစ်ပေါ်နိုင်ပါတယ်။
· မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၂၃ ရက်နောက်ပိုင်း သိသိသာသာအအေးပိုလာနိုင်ပါမယ်။
မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ
· မန္တလေးတိုင်းမြောက်ပိုင်းမှ မိုးကုတ်၊ ပြင်ဦးလွင်၊ တကောင်းမြို့နယ်များမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၅°C အောက်၊ ၁၀°C ဝန်းကျင်အထိ ကျဆင်းပြီး ဆက်လက်၍အအေးပိုနေနိုင်ပါမယ်။
· မန္တလေးတိုင်းအတွင်းမှ ခရိုင်/မြို့နယ်အားလုံး၏ အနိမ့်ဆုံးညအပူချိန်များသည် ၂၀°C တွင်ဆက်ရှိနေပြီး၊ အမြင့်ဆုံးနေ့အပူချိန်များသည် ၃၀°C အောက်တွင်ဆက်လက်ရှိနေနိုင်ပါဦးမယ်။
· ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက် ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div
· မန္တလေးတိုင်းအတွင်းမှာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST) တနာရီ မိုင် ၂၀ ခန့်အထိရှိနိုင်ပါမယ်။
· နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% အထိရှိနေနိုင်ပါမယ်။
· လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၂°C အထိရှိနိုင်ပါတယ်။
· မန္တလေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၈% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၆% ခန့် ရှိနိုင်ပါတယ်။
· မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၆၀ မှ ၈၀ အထိရှိနေနိုင်တာကြောင့် စိုးရိမ်ရန်မလိုပါ။
· ယခုတပတ်အတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 5 to 6 ပတ်ဝန်းကျင်တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန်များတွင်အပြင်ထွက်သည့်အခါ အန္တရာယ်များသည့်အဆင့်မဟုတ်သော်လည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်၍ ထွက်သင့်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
မန္တလေးတိုင်းဒေသကြီးအတွင်း လီလီပန်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေး အကြံပေးချက်
မန္တလေးတိုင်းဒေသကြီးအတွင်းလီလီပန်းစိုက်ပျိုးရာတွင် ဘိုထရိုင်းတစ် ရွက်ခြောက်ရောဂါ ကာကွယ်နိုင်ရန် အကြံပြုလိုက်ပါသည်။ လက္ခဏာမှာ အရွက်ပေါ်တွင် ကနဦး ရေစိုနာကွက်မှစတင်ကာ မိုးရေစက်ပုံအညိုရောင်အစက်အပျောက်များအားတွေ့ရှိရပါမည်။ ပြင်းထန်လာပါက အစက်ပျောက်များစုဝေးကာ အဝါရောင်အစင်းကြောင်းများဖြစ်ပေါ်လာပါပြီး အရွက်မျက်နှာပြင် တစ်ခုလုံး ပျံ့နှံ့ကာ ကြွေကျသွားတတ်ပါသည်။ အောက်အရွက်များတွင် ပိုမိုကျရောက်လေ့ရှိပြီး ပိုမိုပြင်းထန်လာပါက ပန်းအဖူးများ နှင့် အပွင့် အညှာများအပေါ်ထိ ပျံ့နှံ့လာတတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
- ပန်းရာသီပြီးချိန်တွင် ရောဂါရပင်ကြွင်းပင်ကျန်များအား သေချာရှင်းလင်းပေးပါ။
- စိုက်ခင်းကို လေဝင်လေထွက်ကောင်းမွန်စေရန် အပင်စိတ်စိတ်စိုက်ခြင်းကိုရှောင်ကြဥ်ပေးပါ။
- စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေရန် သတိပြုပါ။
- မျိုးရင်းဝင်မတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပေးပါ။
- ဓာတုဆေးများအသုံးပြုလိုပါက ကြိုတင်ကာကွယ်ဆေးအနေနဲ့ Mancozeb၊ Chlorothalonil Hexaconazole၊ နှင့် Cymoxanil မှိုသတ်ဆေးများ ပက်ဖျန်းပေးနိုင်ပါသည်။
- ရောဂါစတင်ကျရောက်လာပါက Azoxystrobin၊ Difenoconazole၊ Trifloxystrobin နှင့် Tebuconazole ကဲ့သို့သော မှိုသတ်ဆေးများပက်ဖျန်းခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်
- ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊
- မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊
- မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊
- ရေချဉ်ဖန်နှုန်း မှန်ကန်နေပါက ငါး၊ ပုစွန်များ အသက်ရှူခြင်း၊ အစာပုံမှန်စားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း နှင့် ကြီးထွားနှုန်းကောင်းခြင်း တွေ့ရပါသည်။
- ထို့ကြောင့် ကန်ရေအရည်အသွေးကို ပုံမှန်စစ်ပေးပြီး ပြုပြင်ပေးရန် လိုအပ်သည်။
- မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။
------------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း