နှင်းဆီပင် မှာ အဖြစ်များတဲ့ ရောဂါ (၃) မျိုး
(၁) နှင်းဆီရွက်ပြောက်ရောဂါ
အနက်ရောင်အကွက်အပြောက်များ ဖြစ်ပေါ်သောကြောင့် နှင်းဆီအနက်ပြောက်ရောဂါ ဟုလည်း ခေါ်ကြသည်။ စိုက်ပျိုးရာဒေသအနှံ့အပြားတွင် ဖြစ်ပေါ်လေ့ရှိပြီး အရေးအကြီးဆုံးနှင့် အဖြစ်အများဆုံး မှိုရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဖြစ်စေသောသက်ရှိမှာ Diplocarpon rosaea ဖြစ်သည်။ မြေစိုစွတ် သောရာသီတွင် အဖြစ်များပြီး မိုးများသောဒေသများနှင့် တောင်ပေါ်ဒေသများတွင် ရောဂါအထူးပြင်းထန် တတ်သည်။ အပူချိန်(၆၅)ဒီဂရီဖာရင်ဟိုက်တွင် မှိုစပိုးပေါက်ပွားမှုရှိပြီး အပူချိန်(၇၅) ဒီဂရီဖာရင်ဟိုက် တွင် ရောဂါလျင်မြန်စွာ ပြန့်ပွားစေနိုင်ပါသည်။ ၎င်းအခြေအနေတွင် အပင်ကြီးထွားမှုကို ရပ်တန့်စေပြီး ပန်းပွင့်မှုနှုန်းကျဆင်းစေပါသည်။ ရောဂါပြင်းထန်ပါက အရွက်အားလုံးဆုံးရှုံးပြီး အပင်သေစေနိုင်သည်။
ပင်ပြလက္ခဏာ
နှင်းဆီအရွက်၏အထက်နှင့် အောက်မျက်နှာပြင်ပေါ်တွင် အနက်ရောင်စက်ဝိုင်းပုံ အစက်အ ပြောက်များတွေ့ရမည်။ ရောဂါနုစဉ်တွင် အစက်အပြောက်အနားများသည် ပန်းဖွားကဲ့သို့ မညီမညာ ဖြစ်နေပြီး ရောဂါရင့်ချိန်တွင်အနားသတ်များတိကျထင်ရှားလာပါသည်။ ရောဂါရင့်လာပါက အရွက်မှာ အဝါရောင်ပြောင်းလာပြီး အရွက်မရင့်ပဲကြွေကျတတ်ပါသည်။ ရောဂါလက္ခဏာကို ပင်စည်၊ အညွှန့်နှင့် ပွင့်ညှာများပေါ်တွင်လည်း တွေ့ရတတ်သည်။ အပွင့်ကြွေခြင်း၊ အညွှန့်ခြောက်ခြင်း အပင်သေခြင်း ထိ ဖြစ်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။
- ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများကို ဖယ်ထုတ်ရှင်းလင်းပါ။ မီးရှို့ပါ။ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။
- အပင်ခြေတွင် ပိုတက်ရှ်ထည့်ပေးပြီး၊ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် အပင်ခြေလောင်းခြင်း ပြုလုပ်ပါ။
- ဓာတုဆေးဖြင့်နှိမ်နင်းရန် “မန်ကိုဇက်၊ ဆာလဖာ” ပါဝင်သည့် မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း အသုံးပြုပက်ဖျန်းပေးပါ။
(၂) ဖားဥမှိုရောဂါ
ပင်ပြလက္ခဏာ
ရောဂါဖြစ်စေသောသက်ရှိမှာ Sphaerotheca pannosa var ဖြစ်သည်။ အထူးသဖြင့် အရိပ်ရသည့်ဒေသနှင့် အေးသော ကာလများမှာ အများဆုံးဖြစ်ပွားသည်။ အရွက်များ၏ မျက်နှာပြင် များနှင့် အညွှန့်များပေါ်တွင် ပေါင်ဒါမှုန့်ကဲ့သို့ အဖြူရောင်အမှုန့်များ တွေ့ရပေမည်။ ရောဂါပြင်းထန်လာ သည်နှင့်အမျှ တစ်ရွက်လုံး အဖြူရောင်အမှုန့်များ ဖုံးလွှမ်းသွား ပါသည်။ ရောဂါကျသော အရွက်မှာပုံစံများ ပျက်နေပြီး အရွက်များကြွေကျလာပါသည်။ အပင်ထိပ်ပိုင်းတွင် ရောဂါပို၍ကျရောက်တတ်သည်။ အပင်တွင်ရောဂါကျရောက်ပါက ပန်းပွင့်မှုနှုန်းကျဆင်းပြီး ပန်းပွင့်ပါက အရည်အသွေး မမှီသော အပွင့်များ ဖြစ်စေနိုင်သည်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။
- ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများဖယ်ထုတ်ရှင်းလင်းပါ။
- “ဟက်ဇာကိုနာဇိုး ၊ ဒိုင်ဖီကိုနာဇိုး၊ Azoxystrobin” ပါဝင်သည့် ဆေးများမှတစ်မျိုးမျိုးကို ဆေးညွှန်းပါအတိုင်းသုံးစွဲနိုင်ပါသည်။
(၃) ကိုင်းဖျားခြောက်ရောဂါ
ကိုင်းများဖြတ်တောက်ရာတွင်အသုံးပြုသောစိုက်ပျိုးရေးသုံးပစ္စည်း(ကိုင်းဖြတ်ကတ်ကြေး)များမှတစ်ဆင့် ရောဂါဝင်၍သော်လည်းကောင်း၊ ပိုးမွှားကျရောက်မှုမှတစ်ဆင့်သော်လည်းကောင်း၊ အပင် အာဟာ ရဓာတ် ချို့တဲ့လျှင်သော်လည်းကောင်း ရောဂါဖြစ်ပွားတတ်ပါသည်။
ပင်ပြလက္ခဏာ
အပင်အဖျားပိုင်းမှစတင်ကာ အရင်းဘက်သို့ တဖြည်းဖြည်းခြောက်လာပြီး အမြစ်ပါသေ၍ နောက်ဆုံးတွင် အပင်သေဆုံးစေနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
- မြေကို ကောင်းစွာပြုပြင်ပြီးမှ စိုက်ပါ။
- နွေရာသီတွင် စိုက်ပျိုးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်ဖုံးပေးပါ။
- ကိုင်းဖြတ်ကတ်ကြေးများ အသုံးမပြုမှီ ရေဆေးခြင်း၊ ပိုးသတ်ခြင်းများပြုလုပ်ပါ။ ကိုင်းဖြတ် ပြီးသောနေရာအား ထုံးတို့ပါ။
- ရောဂါကျရောက်ပါက ရောဂါရအပိုင်းမှ အကွာအဝေး ၅ စင်တီမီတာခန့်ထိ ဖြတ်ပြီး ကော့ပါးအောက်ဆီကလိုရိုက် မှိုဆေးရည်သုတ်လိမ်းပေးပါ။
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း