သီးနှံပိုထွက်၊ မြေမပျက်အောင် စနစ်တကျ မြေသြဇာကျွေးပါ
. မြေဆီလွှာ
သီးနှံပိုထွက်၊ မြေမပျက်အောင် စနစ်တကျ မြေသြဇာကျွေးပါ
မြေကြီးမှ တစ်ရာသီ သီးနှံစိုက်ပျိုးပြီးသောအခါလျော့နည်းသွားသော မြေဓာတ်များကို ပြန်လည်ဖြည့်ပေးကြရသည်။ နှစ်သီး၊ သုံးသီး၊သီးထပ်၊ သီးညှပ် စိုက်ပျိုးလာကြသောအခါ မြေကြီးထဲရှိ များများ ရှိသောဓာတ်၊ နည်းနည်းရှိသော ဓာတ်တို့ လျော့ပါးသည်။
အဓိကအပင်မှ လိုအပ်၍ စားသုံးသော ဓာတ်သုံးမျိုး N.P.K အပြင် အပင်မှ အနည်းလို ဓာတ် ၁၃မျိုးခန့်ကလည်းနည်းလာသည်။ အပင်မှလိုအပ်ချက်နည်းသည် ဆိုသော်လည်း အနည်းလိုဓာတ်၏ လိုအပ်ချက်မှာ ယခုအခါ သိသိသာသာ ဖြစ်လာသည်။ လက်ရှိအသုံးပြုနေကြသောအဓိက ဓာတ်သုံးမျိုးကလည်း အနည်းလိုနှင့် ရောစပ်ထားသော ဓာတ်မြေသြဇာများက အသုံးနည်းလာပြီး ဓာတ်တစ်မျိုးတည်းပါသည့်ဓာတ်မြေသြဇာက အများစုဖြစ်ကြသည်။ ဥပမာ ၁၉၂၄ ခုနှစ်က ဓာတ်မြေသြဇာများကို မြန်မာနိုင်ငံတွင်ဌာနမှ စမ်းသပ်အသုံးပြုမှုကာလမှ၁၉၇၀ ပြည့်နှစ်ကျော်အထိ အသုံးပြုခဲ့ကြသော ဓာတ်မြေသြဇာများတွင် နိုက်ထရိုဂျင်(အမိုးနီးယားနှင့် အနည်းလိုဓာတ် (ဆာလဖာ၊ ကန့်ပါရှိနေသည်။ ယခုအသုံးပြုနေကြသော ယူရီးယား (ပုလဲဓာတ်မြေသြဇာ)တွင် နိုက်ထရိုဂျင် (N) တစ်မျိုးတည်း ၄၆ ရာခိုင်နှုန်းပါရှိသည်။
အလားတူပင် ပိုတက်စီယမ်ဆာလဖိတ် (ပိုတက်စီယမ်+ဆာလဖာ) အနည်းလိုနှင့် အများလို နှစ်ခုတွဲပါသည်။ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ဇီဝမြေသြဇာတို့ကို မြေကြီးထဲသို့ ပြန်လည်ဖြည့်ပေးကြရာတွင် သဘာဝမြေသြဇာ၏ အသုံးပြုမှုသည် မြေကြီးကို ကောင်းစေသည်။ နွားချေးရှားလျှင် လင်းနို့ချေးရှိသည်။
စက်ဖွဲပြာ၊ သစ်ရွက်အမှိုက်ဆွေး၊ သစ်စိမ်းမြေသြဇာ သုံးနိုင်သည်။ မြေမပျက်စေဘဲ မြေသားကောင်းစေသည်မှာ သဘာဝမြေသြဇာ ဖြစ်သည်။ ဓာတ်မြေသြဇာ အသုံးပြုမှုတွင် မြန်မာနိုင်ငံအနေဖြင့် အသုံးများခြင်း မဟုတ်ဘဲ အသုံးမှားခြင်း၊ စနစ်မကျခြင်း၊ ဓာတ်မြေသြဇာအမျိုးအစားအလိုက် သုံးနည်းမမှန်ခြင်း၊ ကျွေးချိန်မကျွေးခြင်း၊ သီးနှံပင်အလိုက် လိုအပ်သော ပမာဏထက် နည်းခြင်း၊ များခြင်းတို့ကြောင့်ထိထိမိမိ မရှိသည်ကို တွေ့နိုင်သည်။ သီးနှံပင်မစိုက်ခင်ထည့်မှု၊ သီးနှံပင်စိုက်ပျိုးပြီးထည့်မှု၊ ရေဖျော်ကျွေးမှု၊ ရွက်ဖျန်းမြေသြဇာပေးမှုတို့သည် စနစ်တကျရှိရသည်။ ထိရောက်သော စကားလုံးမှာ အပင်စာချိန်ကျွေးပါ။ စာမှကျွေးပါဟု သုံးနှုန်းခဲ့ကြသည်။ မြေသြဇာအမျိုးအစား၊ မြေဆီလွှာအမျိုးအစား၊ စိုက်ပျိုးသည့် သီးနှံပင် အမျိုးအစား၊ ထည့်ကျွေးရသည့်စနစ်၊ ကြဲပက်ခြင်း၊ ရေဖျော်လောင်းခြင်း၊ အမြစ်နှင့် နီးရာထည့်ခြင်း စသည်တို့ကလည်း လေလွင့်ဆုံးရှုံးမှုမရှိဘဲ ထိထိမိမိဖြစ်စေသည်။ အကျိုးပြုစေသည်။ ဓာတ်မြေသြဇာသည် မြေအစို၊ ရေအစိုရှိလျှင် ရေပျော်မှု အနှေး၊ အမြန်ရှိ၍ အမြစ်မှ အရည်အဖြစ် စားနိုင်မှ ထိရောက်သည်။ အမြစ်ရှိရာ ပတ်ဝန်းကျင်ရောက်မှ အကျိုးပြုသည်။
ရေငွေ့ပျံမှုနည်းပြီး အပင်၏အမြစ်က အာဟာရဓာတ်ကို ပိုမိုစုပ်ယူရရှိနိုင်သော နံနက်အစောပိုင်းကာလ၊ ညနေစောင်းကာလ၊ မိုးအုံ့သောနေ့တို့တွင် အသုံးပြုမှု ပြုလုပ်ကြရသည်။ မြေဆီလွှာဟုခေါ်ကြသော မြေကြီးအပေါ်ယံအလွှွာထဲတွင် ဒေသ၊ ရေမြေ၊ မြေ အမျိုးအစားကိုလိုက်၍ ပါဝင်သော ဓာတ်အနည်း၊ အများရှိကြသည်။ မြေထဲရှိ ဓာတ်မည်မျှပါရှိသည်ဟု ဓာတ်ခွဲပြီးမှ ဓာတ်မြေသြဇာကျွေးခြင်းသည် စနစ်မှန်ဖြစ်သည်။
ယခုအခါ ပြည်နယ်၊ တိုင်းဒေသကြီး တချို့တွင် မြေဆီလွှာဓာတ်ခွဲခန်းများ ရှိလာပြီ။ မြေဆီလွှာဓာတ်ခွဲသေတ္တာ (ပြည်တွင်းဖြစ်) များ ရောင်းချမှုရှိလာပြီ။ တောင်သူ လယ်သမားများကိုယ်တိုင် လွယ်လွယ်ကူကူ ပြုလုပ်စမ်းသပ်နိုင်သော မြေဆီလွှာဓာတ်ခွဲသေတ္တာများကို လုံလောက်အောင်၊ ဒေသအနှံ့ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ရောင်းချပေးသင့်သည်။ အပင်များက လိုသလောက် ဓာတ်မရခြင်း၊ လိုသည်ထက်ပိုသောဓာတ်ထည့်နေကြခြင်း၊ ငွေကုန် အကျိုးမရှိခြင်း၊ ဈေးနှုန်းကြီးနေသဖြင့် ဝယ်မသုံးနိုင်ကြခြင်း၊ သုံးနိုင်သော်လည်း မထည့်ခြင်း၊ ထည့်သော်လည်း ပမာဏအချိုးအဆ မမှန်၍ လေလွင့်ခြင်း စသည်တို့ ကြုံတွေ့နေကြရပါသည်။ မြေကို ပြုပြင်ပေးနိုင်သည်မှာ သဘာဝမြေသြဇာဖြစ်၍အပင်ကို အထွက်ကောင်းအောင် ပြုပြင်ပေးနိုင်သည်မှာ ဓာတ်မြေသြဇာ ဖြစ်ပါသည်။
- ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်
14
1
2354