cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဓာတုကင်းလွတ်တဲ့ ထုံးကန့်ဆေးရည် ဖျော်စပ်အသုံးပြုနည်း

. အပင်အာဟာရ
ဓာတုကင်းလွတ်တဲ့ ထုံးကန့်ဆေးရည် ဖျော်စပ်အသုံးပြုနည်း
  • article
  • ဒီတစ်ပတ် တောင်သူ လယ်သမားကြီးများကို ဆွေးနွေး အကြံပြုပေးချင်တဲ့ အချက်ကကတော့ ဓာတုကင်းလွတ်စေတဲ့ ထုံးကန့်ဆေးရည်ဖျော်စပ်အသုံးပြုနည်းလေးဘဲဖြစ်ပါတယ်။


    မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က လယ်သမားကြီးတစ်ဦးကထုံးကန့်ဆေးရည်ဆိုတာ ကြားဖူးတယ်။ ဒါပေမယ့် လက်တွေ့ တစ်ခါမှမသုံးဖူးဘူး။


    အဲ့ဒါ ထုံးကန့်ဆေးရည် ဘယ်လိုဖျော်ရသလဲ၊ ဘယ်လိုအသုံးပြုရသလဲ၊ ဘယ်လိုပိုးမွှားရောဂါတွေ ကာကွယ်နှိမ်နင်းနိုင်သလဲဆိုတာ သိချင်လို့ပါ ဆရာ။ အဲ့ဒါ အသေးစိတ် ပြောပြပေးပါအုံး ဆရာလို့ ဖုန်းဆက်လာပါတယ်။


    ပြောရရင်တော့ ထုံးကန့်ဆေးရည်ဟာ ဒီခေတ် ရေပန်းစားလာတဲ့ ဓာတုကင်းလွတ်၊ ဓာတုလျှော့သီးနှံတွေ ထုတ်လုပ်ရာမှာ အလွန်အသုံးဝင်မယ့်ဆေးဖြစ်လို့ သုံးသင့်တဲ့ဆေးလို့ဘဲ ပြောပါရစေ။


    ဒီထုံးကန့် ဆေးရည်ကို ၁၈၅၁ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ဗာဆေးပြည်နယ်မှ ဂရစ်ဆန်ဆိုတဲ့ ဥယျာဉ်ခြံ စိုက်ပျိုးသူတစ်ဦးမှ စတင်တီထွင်ခဲ့တာပါ။ အဲ့ဒီဆေးကို “ဂရစ်ဆန်ဆေး” လို့ ခေါ်ခဲ့ပါတယ်။


    အဲ့ဒီတုန်းက ဂရစ်ဆန်ဟာ သီးနှံပင်တွေရဲ့ မှိုရောဂါကို ဒီဆေးနဲ့ ကာကွယ်နှိမ်နင်း အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ၁၈၈၆ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မက်မုံပင်ရွက်တွန့် ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


    ကန့်ဟာ အပင်ရောဂါမှိုကို တိုက်ရိုက်ထိတွေ့၍ဖြစ်စေ၊ အငွေ့ဖြင့် ဖြစ်စေ ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အပင်ကို အဆိပ်သင့်စေနိုင်ပါတယ်။ ဒါ့ကြောင့် အပင်အဆိပ်သင့်မှုကို သက်သာအောင် ထုံးကို ထည့်ပေးရခြင်း ဖြစ်ပါတယ်။


    ========================


    ထုံးကန့်ဆေးရည် ဖျော်စပ်ပုံနည်းကတော့ ကန့် ၂၅ ကျပ်သား၊ ထုံး ၁၂ ဒသမ ၅ ကျပ်သား၊ ရေခြောက်လီတာ လိုအပ်ပါတယ်။


    ပထမ ရေ ၁၀ လီတာဆန့်တဲ့ သတ္တုအိုးထဲသို့ ရေခြောက်လီတာ ထည့်ပါ။ အိုးတွင် ရေမှတ်ကို မှတ်ထားပါ။


    သတ္တုအိုးကို ရေဆူသည်ထိ အပူပေးပါ။


    ရေပူအိုးတည်နေစဉ်တွင် ကန့် ၂၅ ကျပ်သားကို ရေနွေးနွေးဖြင့် သီးသန့်ထည့်စရာ ခွက်တွင် ခပ်ပြစ်ပြစ်ရအောင် ဖျော်ပါ။


    ထို့အတူ ထုံးကိုလည်း သီးသန့်ခွက်တွင် ခပ်ပြစ်ပြစ်ရအောင် ဖျော်ပါ။


    ထုံးပြစ်ပြစ်ကို သတ္တုအိုး ရေပွက်ပွက်ဆူ အတွင်းသို့ လောင်းထည့်ပါ။


    ထို့နောက် ကန့်ပြစ်ပြစ်ကို ထပ်ထည့်၍ ရေပူသည်ထိ ကြိုပါ။ ကန့်ပြစ်ပြစ်ရည်ထည့်ပြီး ၁၀ မိနစ်ကြာလျှင်မီးကို လျှော့ပါ။


    ယောင်းမကြီးကြီးဖြင့် ဆက်တိုက်မွှေပေးနေပါ။


    မွှေနေစဉ် မူလမှတ်ထားသော ရေမှတ်ထက် လျှော့သွားပါက မူလရေမှတ် ထိရောက်အောင် ရေထပ်ဖြည့်ပေးပါ။


    ဆက်တိုက်မွှေပေးနေပါ။


    ဤသို့ ကြိုနေစဉ် အချိန် ၄၅ မိနစ်မှ နှစ်နာရီခန့်ကြာလျှင် ဆေးရည် လိမ္မော်ရင့်ရောင် ပြောင်းလာပါမည်။


    ဆေးရည်ကို အအေးခံ၍ ရေစစ်ပါးပါးဖြင့် စစ်ယူပါ။


    ရရှိလာသော ထုံးကန့်ဆေးရည်ကို ပုလင်းသန့်သန့်တွင် ထည့်၍ အပေါ်မှ ရေနံဆီ (သို့) ဆီထည့်၍ အဖုံးလုံအောင်ပိတ်၍ သိမ်းဆည်းနိုင်ပါတယ်။


    ထုံးကန့်ဆေးရည် အသုံးပြုပုံမှာ ဖျန်းပုံးတွင် ရေလေးဂါလံနှင့် ဆေးရည် ဟင်းစားဇွန်း ၇-၂၅ ဇွန်းထိ ရောစပ်၍ သမအာင် ဆေးဖျန်းပုံးကို လှုပ်ခါပေးရပါ့မယ်။


    ၎င်းရောစပ်ထားသော ထုံးကန့်ဆေးရည်ကို သီးနှံပင်များသို့ ပက်ဖျန်းနိုင်ပါတယ်။ သီးနှံပင်အမျိုးအစား၊ ပိုးမွှားရောဂါ အမျိုးအစားအလိုက် ရေဂါလံ ၁၀ဝ တွင် ထုံးကန့်ဆေးရည် ၁ ဒသမ ၅ - ၁၂ ဂါလံအထိ သုံးစွဲနိုင်ကြောင်း သုတေသန စာတမ်းများက ဖော်ပြထားပါတယ်။


    ထုံးကန့်ဆေးရည်ဖြင့် ကာကွယ်နှိမ်နင်းနိုင်သော ပိုးမွှားရောဂါများမှာ စပျစ် ရွက်ပြောက်၊ ရွက်ခြောက်၊ ကြက်သွန်တောက်တဲ့ မီး၊ ရှောက်သံပရာ ကိုင်းဖျားခြောက်၊ ဝါမြစ်ပုပ်၊ မွှားပင့်ကူ၊ အကြေးပိုး၊ လှေးပိုး၊ ပြပိုး၊ မီလီဂျပိုး၊ အကိုင်းထိုးပိုး၊ မှိုဖြူရောဂါ၊ နှင်းဆီရွက်နက်ပျောက်ရောဂါ၊ သံချေးရောဂါကိုင်းဖြားခြောက်ရောဂါ၊ မြေပဲ၊ ပဲမျိုးစုံ၊ ရွက်ပြောက်ရောဂါ၊ မြစ်ပုပ်ရောဂါ၊ ပင်စည်ကွဲအက်ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။


    ထုံးကန့်ဆေးရည်ဟာ သဘာဝဆေးရည်တစ်ခု ဖြစ်သော်လည်း ဓာတုဆေးများကဲ့သို့ သတိပြုအသုံးပြုရန် လိုပါတယ်။ အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ထက်ကျော်ရင် မဖျန်းပါနဲ့။ အပင်လောင်စေနိုင်ပါတယ်။


    နံနက်စောစော၊ ညနေပိုင်းအချိန်မှသာ ဖျန်းပါ။ ထုံးကန့်ဆေးရည်ကို အနံ့ရှူရှိုက်မိခြင်း၊ မျက်စေ့၊ ပါးစပ်တို့မှ ဝင်ခြင်း၊ အရေပြားပေါ်ထိခြင်းများဖြစ်လျှင် လူကို အန္တရာယ်ဖြစ်စေနိုင်သဖြင့် ဆေးဖျန်းလျှင် ခန္ဓာကိုယ်ကို လုံခြုံစွာ ကာကွယ်ဝတ်ဆင်ပြီးမှ ပက်ဖျန်းသင့်ပါတယ်။


    ကဲ ဒီလောက်ဆိုရင် ထုံးကန့်ဆေးရည် ဖျော်စပ်အသုံးပြုနည်းအကြောင်း သိကျွမ်းလောက်ပြီလို့ ထင်ပါတယ်။ စမ်းသပ်သုံးစွဲကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။


    - အောင်ဆန်း (စိုက်ပျိုးရေး)


    မြန်မာတောင်သူကြီးများ ဂျာနယ်


likes0comments0
views1