ပတ်ဝန်းကျင်လည်းထိန်း၊ ကုန်ကျစရိတ်လည်းလျော့ချ အကျိုးမြတ်များမဲ့လယ်ယာလုပ်ငန်းအစီအစဥ် ရေးဆွဲခြင်းအတွက်စဉ်းစားရမည့် အချက်များ
နောက်ထပ် လယ်ယာလုပ်ငန်းအစီအစဥ်ရေးဆွဲ စဥ်းစားရမဲ့အချက်က ပိုးမွှားရောဂါကာကွယ်နှိမ်နင်း ခြင်းပါ။ မြေသြဇာစုပေါင်းကြိုတင် ဝယ်ယူပါလို့ အကြံပေးခဲ့သလိုပဲ မိမိတို့ဒေသ မိမိ ခြံ၊ လယ်ယာမြေမှာ ကျလေ့ကျထရှိတဲ့ ပိုးမွှာရောဂါကို သိရှိထားရုံနဲ ငွေကြေးတတ်နိုင်တဲ့တောင်သူများက ဆေးကို ကြိုတင်ဝယ်ယူခြင်းဖြင့် ကုန်ကျစရိတ်လျော့ချနိုင်သလို ငွေကြေးမတတ်နိုင်တဲ့တောင်သူများအနေနဲ့ လည်း ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း တွေကို အသုံးချပြီး ကြိုတင်ကာကွယ်ထားခြင်းအားဖြင့် ဆုံးရှုံးမှု့တွေကို လျော့ချနိုင်ပါတယ်။ အထက်ကပြောခဲ့သလိုပဲ ကုန်စျေးနှုန်းကြီးမြှင့်လာတာရယ် ရာသီဥတု ဖောက်ပြန်လာတာတွေကြောင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်းနဲ့ ပတ်သက်လို့ နေ့စဥ် ကွင်းဆင်းစစ်ဆေးခြင်းနဲ့ သဘာဝပိုးသတ်ဆေးများကို ကြိုတင် အသုံးပြုဖော်စပ်ပြီး ကြိုတင်ကာကွယ် တဲ့အစီစဥ်ဟာ ထိရောက်တဲ့ ကုန်ကျ စရိတ်လျော့ချတာပါပဲ။
ပိုးမွှားရောဂါ ကျရောက်တယ်ဆိုတာဟာ လူသားတွေလိုပါပဲ သူတို့သဘာ၀ နေစရာ ပတ်ဝန်းကျင်က သက်တောင့်သက်သာ ဖြစ်နေမယ်။ ဘေးအန္တရယ်မရှိဘူး၊ အစားရေစာပေါများနေမယ်ဆိုရင်တော့ စုပြုံကျရောက်လာမှာပါပဲ။ ဒါကြောင့်မလို့ တောင်သူကြီးတွေဘက်ကနေ ပိုးမွှားရောဂါ မကြိုက်တဲ့ အခြေအနေပတ်ဝန်းကျင်ကို ဖန်းတီးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားတဲ့အစီစဥ်ရေးဆွဲသင့်ပါတယ်။ အကယ်၍များလို့အပ်လို့ရှိရင် ကျလေ့ကျထပိုးမွှားတွေကျလာပြီဆိုရင် အရမ်းဆိုး၀ါးမသွားခင် ဒုတိယ၊ တတိယအစီအစဥ်တွေ ကြိုပြင်ဆင်ထားလို့ရပါတယ်။
လိုအပ်လို့ ဓါတုပိုးမွှားရောဂါသတ်ဆေး သုံးရမယ်ဆိုရင် “သတိ၊ သိ၊ သိမ်း၊ သန့်၊ သင့်” ဆိုတဲ့ ရွှေရောင် စည်းမျဥ်း (၅) ချက်ကို ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းတွေနဲ့ ပေါင်းစပ် အသုံးပြုသင့်ပါတယ်။ အကယ်၍ ကိုယ်က ကျရောက်တဲ့ ပိုးမွှားရောဂါ အခြေအနေကို ထိန်းချုပ်ဖို့ မသိဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေး က ပညာရှင်ဝန်ထမ်းတွေကို မေးနိုင်သလို၊ ယနေ့ခေတ်လို့ နည်းပညာ ခေတ်မှာ အွန်လိုင်း က တဆင့် နည်းပညာအကြံပေးတဲ့ ဝန်ဆောင်မှု့လုပ်ငန်းတွေရှိလာပြီ ဖြစ်လို့ အွန်လိုင်း က တဆင့် ပညာရှင်တွေကို လည်း သေချာမေးမြန်းပြီး ထိရောက်တဲ့ ထိန်းချုပ်နည်းတွေသာ အသုံးချ သင့်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ဖို့ အတွက်ဆိုရင်လည်း ဆက်သွယ်ရမဲ့နေရာနဲ့ လိပ်စာကို ကြိုတင်သိရှိ ထားအောင် ပြင်ဆင်ရပါမယ်။
တောင်သူ အများစု မှာ ကြုံတွေ့နေရတဲ့ပြသာနာဟာ ပိုးမွှားရောဂါ ဖြစ်ပေမဲ့ တောင်သူတွေအများစုဟာ ပိုးမွှားရောဂါ ထိန်းချုပ်တဲ့အခါ အနာနဲ့ဆေးတခြားဆီ ဖြစ်တတ်ကြပါတယ်။ အစကတည်းက သေချာ ပြင်ဆင်မှု မရှိတဲ့အတွက် ဖျက်စီးမှု ပြင်းထန်မှသာ ထိန်းချုပ်ဖို့ သတိရကြပါတယ်။ အဲ့အမူအကျင့်က တကယ်မှားပါတယ်။ တောင်သူကြီးတို့ကိုယ်တိုင်လည်း သိပါတယ်။ နောက်တချက်က ပညာရှင်တွေကို မေးမြန်းရမှာ အကျွမ်းတဝင်မရှိကြတာပါ။
အဲ့လိုကြောင့်ပဲ တချို့တောင်သူများဆိုလျှင် ကိုယ့်အခင်းက ပိုးရောဂါမကျပဲ တခြားအခင်းဆေးဖြန်း တာနဲ့ လိုက်ဖြန်းပြီး ကုန်ကျစရိတ်တိုးတော့တာပါ။ မလိုအပ်ပဲ ဓါတုပစ္စည်း သုံးတော့ အကျိုးဆက်အနေနဲ့ ကိုယ့်အခင်းပတ်ဝန်းကျင်မှာရှိတဲ့ အကျိုးပြု ပိုးမွှားတွေ အဏုဇီ၀တွေကို သေစေနိုင်တာပါ။ ဥပမာ- မြွေက အန္တရယ်ရှိလို့ သတ်ကြတယ်၊ ငှက်တွေစားကြတယ် မြွေတွေ၊ငှက်တွေ ရှားပါးလာတော့ မြွေစာ ဖြစ်တဲ့ ကြွက်တွေပေါများလာတာပါပဲ. အဲ့ သဘောတရားပါပဲ။ ဒါကြောင့်မို့ တောင်သူကြီးတွေကို အကြံပေးချင်တာ လယ်ယာလုပ်ငန်းအစီအစဥ်ရေးဆွဲတဲ့အခါ ပိုးမွှားရောဂါကို ဘယ်လိုကာကွယ် ထိန်း ချုပ် ရမလဲအစီစဥ်ကိုလည်း ပြင်ဆင်သင့်ပါတယ်။
ဘက်စုံပိုးမွှာရောဂါ ကာကွယ်နည်းစနစ်နဲ့ အကျိုးကျေးဇူးတွေ သိချင်ရင်တော့ ဖော်ပြပါ https://htwettoe.com/post/46487 link မှာ ဖတ်နိုင်ပါတယ်
လယ်ယာလုပ်ငန်းအစီအစဥ်ရေးဆွဲရာမှာ မရိတ်သိမ်းခင် နဲ့ ရိတ်သိမ်းပြီး ဆောင်ရွက်မဲ့ လုပ်ငန်းဆောင် တာတွေအတွက် ပြင်ဆင်ရပါမယ်။ အဓိက က စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်မှာ လုပ်သားရှားပါးမှု ပြဿနာနဲ့ လယ်ယာစက်ကိရိယာ မလောက်ငှမှုပါပဲ။ စာရေးသူ အရှေ့မှာဖော်ပြခဲ့သလိုပဲ တောင်သူ ဦးကြီး၊ ဒေါ်ကြီးတို့က ကိုယ်ရွေးချယ်ထားတဲ့ မျိုး ဥပမာ-စပါးက သက်ကြီးလား၊ သက်ငယ်လား၊ သက်လတ်လားသိထားရင် ရိတ်သိမ်းချိန်ကို ကြိုတင်ခန့်မှန်းပြီး လိုအပ်တာတွေ ချိတ်ဆက်ထားနိုင်တယ်၊ ကြိုတင်ညှိနှိုင်းထားတဲ့အခါ ရိတ်သိမ်းချိန်မှာ လူမရှိလို့ စက်မရှိလို့ စပါးကျွမ်းသွားတာမျိုး တချို့ လက်နဲ့ ရိတ်သိမ်းတဲ့အခါ ကောက်လှိုင်းတွေ လိုက်ပြီးအချိန်မီ မသိမ်းနိုင်လို့ စပါးတွေ ကြွေမဲ့ လေလွင့်ဆုံးရှုံးမှု့ကနေ လျော့ချပေးနိုင်တဲ့ အစရှိတဲ့ ရလာဒ်ကိုခံစားရမှာပါ။
နောက်တစ်ခုက ရိတ်သိမ်းခါနီးတိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းပါ။ တောင်သူ အများစုက မိုးမလာခင် “အခင်းတွေ အသီးတွေ ကောင်းလိုက်တာ အထွက်ကတော့ ကောင်းပြီ” ဆိုပြီး စိတ်ချနေပေမဲ့ မိုးကျသွားတဲ့အခါ အပင်တွေယိုင်လဲလို့အထွက်နှုန်းတွေ ရသင့်သလောက်မရတာလဲ သိပြီးကြမှာပါ။ နှစ်စဥ် နှစ်စဥ် ရိတ်သိမ်းချိန် ပြင်ဆင်မှု အားနည်းလို့ လေ့လွင့်ရတဲ့ ပမာဏဟာ ၁၃.၄%-၂၀.၉ % အတွင်း ရှိပါတယ်။ စပါးတင်း ၁၀၀ နဲ့ တွက်ရင် တင်း ၂၀ လောက်က လေ့လွင့်သွားတာပါ။ အဲ့ အလေ့အလွင့်က တောင်သူကြီးတို့ရဲ့အမြတ်ပါ။ ကိုယ့်အရင်းအနှီးရဲ့အမြတ်က ပြင်ဆင်မှုအားနည်းလို့ ဆုံးရှုံးမှု့က ကျော်လွန်သွား တာပါ။ ရိတ်သိမ်းပြီးနောက်ရော ပြီးပြီလားဆိုတော့ နေလှန်း၊ ကြိတ်ခွဲ၊ သိုလှောင်ဖို့ အတွက် နေရာကို မရောင်းချခင် အရေအသွေးမကျဖို့ သေချာပြင်ဆင်ဖို့လည်း စဥ်းစားရ ပါမယ်။ မရောင်းချခင် အချိန်ထိ ဖျက်ပိုးကင်းရှင်းဖို့ နဲ့ သီးနှံလိုအပ်တဲ့ အပူချိန် စိုထိုင်းစတွေ ရှိတဲ့နေရာကို ပြင်ဆင်ထားမှသာ ရောင်းချတဲ့အခါမှာလည်း စျေးကောင်းရနိုင်မှာဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းကို စားသောက်ရေးအတွက်ပဲ လုပ်နေရတယ်လို့ တွေးတာကနေ စီးပွားရေး လုပ်တယ်လို့ တွေးကြည့်ပါ။ တချို့တောင်သူငယ်တွေ ရှိပါတယ် ပိုင်ဆိုင်မှု့ မြေဧကများတယ်ဆို ဧက အကုန် စိုက်ချင်ကြတာပါပဲ။ အကျိုးဆက်ကတော့ စိုက်ထားတဲ့မြေကွက်အကုန်လုံးကို သေသေချာချာ စီမံခန့်ခွဲနိုင်ဖို့ အားနည်းသွားတာပါ။ စာရေးသူတို့ တောင်သူတွေ ထင်တာ များများစိုက်ရင် များများရမယ် ဒီလိုထင်ကြတာပါ။ ဥပမာအနေနဲ့ အကြံပေးရရင် မြေ ၂ ဧက ရှိတယ်ဆိုပါစို့ ၂ ဧကလုံး ထွန်ယက်စိုက်ပျိုးမဲ့အစား ၁ ဧက စိုက်ပြီး ၂ ဧက အထွက်ရအောင် လုပ်လို့မရဘူးလား။ မြေက စထွန်ယက်ပြီဆိုတာနဲ့ ကုန်ကျစရိတ်စကုန်တာပါပဲ။ စာရေးသူတို့တောင်သူတွေက စပြီးတာနဲ့ ပြန်မကြည့်တော့ပဲ အခင်းဘေး အခင်းအနီး ဖြတ်သွားတဲ့သူပြောမှ ပဲ ဆေးဖြန်း၊ မြေသြဇာကျွေး၊ရေထုတ် လုပ်ကြတာ။ တချို့ဆို ရိတ်သိမ်းမှပဲ အခင်းထဲ ပြန်ရောက်တော့တယ်။ စာရေးသူနဲ့ကတွေ့တဲ့တောင်သူတွေကိုပြောသလိုပဲ သားသမီး အများကြီးမွေးမယ့်အစား ၁ ယောက် ၂ ယောက် ပဲ ယူပြီး ပြည့်ပြည့်၀၀ ကျွေးမွေးပြုစုမယ်ဆို ကိုယ်တိုင်လည်း တာ၀န်မများတော့သလို့ ကိုယ့်သားသမီးကလည်း ကျန်းမာရေးချို့တဲ့တာ အာဟာရ မပြည့်ဝတာ ညဏ်ရည်မမီတာတွေ မဖြစ်တော့ဘူးပေါ့။ ကလေးက လည်း ပျော်ရွှင်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ရလို့ ထူးချွန်ထက်မြက်တဲ့သူဖြစ်လာမှာပါ။ အလားတူပါပဲ စာရေးသူတို့ရဲ့တောင်သူတွေကသာ ကိုယ်တတ်နိုင်တဲ့ ပမာဏ အားစိုက်ထုတ်မှု့ကနေ သေသေချာချာ လေ့လာပြင်ဆင်ပြီး စနစ်တကျ နဲ့ သာ စိုက်ပျိုးရေးကို အစီစဉ်တကျလုပ်ကိုင်မယ်ဆိုရင် အလေ့လွင့် ဆုံးရှုံးမှုထပ် ပိုတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မဲ့အပြင် ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ စိုက်ပျိုးရေးလုပ်ငန်း ကနေ ရေရှည် တည်တံတဲ့ သက်မွေးဝမ်းကြောင်းကိုလည်း တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။
အပိုင်း ၁ အစမှာ ပြောခဲ့သလို စိုက်ချိန်မတိုင်ခင် ၊စိုက်ပျိုးပြီးနောက်၊ ရိတ်သိမ်းချိန် အပိုင်း(၃)ပိုင်း ခွဲခြားကြည့်ပြီး အစီအစဥ်ရေးဆွဲရာမှာလည်း ဆောင်ရွက်မဲ့နည်းလမ်း၊ ငွေကြေးတတ်နိုင်မှု ၊သင့်တော်တဲ့ အရင်းအမြစ် လက်လှမ်းမီနိုင်မှု၊ ရာသီဥတု အစရှိတာတွေကို အခြေခံပြီး အစီစဥ် ၁ ၊ အစီအစဥ် ၂၊ အစီအစဥ် ၃ အစရှိသဖြင့် ပြင်ဆင်ကြမယ်လို့ ယုံကြည်ရင်း လာမဲ့ မိုးရာသီ အတွက် ရလာဒ် ကောင်းတွေပါရ စေလို့ ဆုတောင်း ပေးရင်း စာလေး ကို ရပ်လိုက်ပါတယ်။
မေ့ရင်သွး