မန္တလေးတိုင်း မေလ ၃၀ ရက် မှ ဇွန်လ ၅ ရက်အထိ မိုးလေဝသအခြေအနေ
အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(DEPRESSION) ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ပြီးချိန် ၎င်း၏အရှိန်သက်ရောက်မှုက မေလ ၃၀ ရက် ဇွန်လ ၃ ရက်နေ့အထိ ကျန်ရှိနေဦးမှာဖြစ်ပြီး၊ အားကောင်းလာသည့်အနောက်တောင်မုတ်သုံလေကြောင့် မန္တလေးတိုင်းအတွင်းမှ မြို့နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများသည် ယခု ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါမယ်။
မေလ ၃၁ ရက်နောက်ပိုင်း မိုးရွာသွန်းခြင်းသည် နေရာအနှံ့အပြားမှ နေရာစိပ်စိပ်-နေရာကျဲကျဲရွာသွန်းးသည့်အခြေအနေသို့ လျော့ကျလာပြီး၊ ရွာသွန်းနိုင်မည့် မိုးရေချိန်၊ မိုးရွာနိုင်မည့်ရာခိုင်နှုန်းတို့သည်လည်း လျော့နည်းလာပါမယ်၊ အချုပ်အားဖြင့် မုတ်သုံမိုးရွာသွန်းခြင်းသာကျန်ရှိပြီး မိုးရေရနိုင်မှုလျော့နည်းသွားပါမယ်။
မေလ ၃၁ ရက် မှ ဇွန်လ ၃ ရက်အထိ ရက်ပိုင်းအတွင်းမှာ တောင်ဘက်မှ လေပြင်းတိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၃၅ မိုင်အထိ လေပြင်းတိုက်ခတ်နိုင်ချေရှိနေပါမယ်။ (မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပါတယ်)
မိုးရွာသွန်းပြီးအခြေအနေများအရ မန္တလေးတိုင်းအတွင်း ပျမ်းမျှမြေဆီလွှာစိုထိုင်းဆ ၇၀% မှ ၁၀၀% အထိရှိနေနိုင်ဦးမည်ဖြစ်ပြီး မုတ်သုံမိုးဆက်လက်ရွာသွန်းနိုင်ခြင်းကြောင့် မြေဆီလွှာစိုထိုင်းဆ ကျဆင်းနိုင်မည့်အခြေအနေမရှိသေးပါ။
မန္တလေးတိုင်းအတွင်း မိုးအားလျော့နည်းလာနိုင်သော်လည်း ဆေးဖြန်းရန်သင့်လျော်သည့်ရက်(Spraying Window)ကြိုတင်ခန့်မှန်းချက်အရ မေလ ၃ ရက်နေ့အထိ မိုးကျနိုင်ချိန်များနေသေးသဖြင့် ဆေးဖြန်းရန်မသင့်လျှော်သေးပဲ မေလ ၄ ရက်နေ့နောက်ပိုင်းမှသာ နေသာချိန်များပြီး ဆေးဖြန်းချိန်ပိုရနိုင်မည်ဖြစ်ပါတယ်။
** မြစ်သားမြို့နယ်အတွက် Spraying window(ဆေးဖြန်းရန်သင့်လျှော်မည့် ရက်/အချိန်) နှင့် Sowing Window(ပျိုးကြဲရန်သင့်လျှော်မည့် ရက်/အချိန်) ကြိုတင်ခန့်မှန်းချက် နမူနာပုံတွဲပေးထားပါတယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
မန္တလေးတိုင်းဒေသကြီး ရုံးပတီစိုက်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မန္တလေးတိုင်းဒေသကြီးအတွင်း ရုံးပတီစိုက်ပျိုးရာတွင် ရောင်မညီကွက်ကြားရောဂါကိုဖြစ်စေသော စုပ်စားပိုးများ (ပျ ၊ယင်ဖြူ) တို့အား အောက်ပါအတိုင်းကာကွယ်နှိမ်နင်းနိုင်ပါတယ်။
- ၁. အဝါရောင်ကော်စေးထောင်ချောက် သုံးပေးပါ။
- ၂. သဘာဝပိုးသတ်ဆေး အနေနဲ့ တမာပိုးသတ်ဆေးနှင့် ဆေးရွက်ကြီးဆပ်ပြာပျော်ရည်ပိုးသတ်ဆေး သုံးပေးပါ။
- ၃. ရောင်မညီကွက်ကြားရောဂါကျနေသော အပင်အားတွေ့တွေ့ချင်းနှုတ်ပြီးဖျက်ဆီးပေးပါ။
- ၄.ဓာတုဆေးအနေနဲ့သုံးလိုပါက ပင်လုံးပြန့်အာနိသင်ရှိသော pymetrozine၊ Acetamiprid နှင့် Fipronil ပါဝင်သောပိုးသတ်ဆေးသုံးပေးပါ။
ငါးကန်များအတွက် အကြံပြုချက်
ငါးကန် ရေဩဇာအရမ်းတက်ပြီး ငါးများ အနာဝင်(အစက်ပျောက်) ဖြစ်ပြီး သေနေပါက -
ကန်ထဲရေအစိမ်းရင့်ရောင်ဖြစ်ပြီး ရေချဥ်ဖန်နှုန်းလည်း (၈အထက်) ရှိပါက ညအချိန်တွင် ကန်အတွင်းပျော်ဝင်အောက်စီဂျင်အတော်နည်းပြီး ညနက်ပိုင်းတွင်ကန်အောက်ခြေတွင် အောက်စီဂျင်ပြတ်ပြီး ငါးတွေသေနိုင်ပါတယ်။ ထို့ကြောင့် ကန်အပေေါ်ရေ ၆ လက်မလောက်ထုတ်ပါ၊ ပြီးမှ အပြင်ရေပြန်သွင်းပါ။ ရေအရောင်ကိုအစိမ်းနုရောင်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ ငါးအသေရပ်သွားပါလိမ့်မယ်။
အနီစက်ကျရောဂါအတွက် တစ်ဧကလျှင် ထုံး၁၅ပိသာနှင့်ဆား၁၅ပိသာ ရောပြီးပက်ရပါမယ်။ နောက်တစ်နည်းက ရေတစ်လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ်၅ဂရမ် (၀.၃ကျပ်သား)ဖျော်ပြီး ရောဂါဖြစ်သော ငါးကို၁၀စက္ကန့်စိမ်ပေးရပါမယ်။ နောက်ထပ်တစ်နည်းက တစ်ဧကကန်ရေအနက်၃ပေရှိပါက ဘက်တီးရီယားပိုးသတ်ဆေး ၁၆ပိသာ ထည့်ပေးရပါမယ်။
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437