မကွေးတိုင်း ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ
· တောင်တရုတ်ပင်လယ်အတွင်းသို့ ဖိလစ်ပိုင်နိုင်ငံမှတဆင့် ဝင်ရောက်လာနိုင်တဲ့ လက်ရှိအချိန်မှာ-စောင့်ကြည့်ရမည့်လေပွေလှိုင်း (INVEST-93W) ကိုစောင့်ကြည့်ရပါမယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ INVEST-93W သည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်အတွင်းသို့ ၈ ရက်နေ့ည မှာ စတင်ဝင်ရောက်လာနိုင်ပါတယ်။
· တောင်တရုတ်ပင်လယ်အတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာဗီယက်နမ်ကမ်းခြေမှ မိုင် ၁၀၀ အတွင်းသို့ တိုင်ဖွန်းမုန်တိုင်း ၁ လုံးအဖြစ် ရောက်ရှိလာနိုင်ကြောင်း GFS နှင့် ECMWF model များ၏ ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက် အရှေ့မြောက်မုတ်သုံ(ဆောင်းမုတ်သုံ)အားကောင်းလာနိုင်ပါမယ်။
· ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ၇ ရက်အတွင်းမှာ တနင်္သာရီတိုင်းတောင်ဘက်အစွန်ဒေသတချို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါတယ်။ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် ယခုတပါတ်အတွင်း မိုးရွာနိုင်မည့်အခြေအနေမရှိပါ။
မကွေးတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်
· မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture)နှင့် လေထုညစ်ညမ်းမှုအခြေအနေများ
· မကွေးတိုင်းအတွင်း ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။
· မကွေးတိုင်းမြောက်ပိုင်းမှ ဂန့်ဂေါမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၇°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၀°C ရှိနိုင်ပါမယ်။
· မကွေးတိုင်းအလယ်ပိုင်းမှ ရေနံချောင်းမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။
· မကွေးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၆၀% မှ ၈၀% အတွင်းရှိနိုင်ပါမယ်။
· မကွေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၅% ခန့် ရှိနိုင်ပါတယ်။
· လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ၁၇၅ ဝန်းကျင်ခန့်ရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများအတွက် အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်ပါသဖြင့် နံနက်အစောပိုင်းနှင့် ညနေ/ညအချိန်များအတွင်းအပြင်ထွက်သည့်အခါ သတိပြုဆင်ခြင်နေထိုင်ကြရန်လိုအပ်ပါမယ်။
· ယခု ၁ ပတ်အတွင်း မကွေးတိုင်းရဲ့ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၇ မိုင်ခန့်ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
မကွေးတိုင်းဒေသကြီးအတွင်း ဂေါ်ဖီထုပ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မကွေးတိုင်းဒေသကြီးအတွင်း ဂေါ်ဖီထုပ်စိုက်ပျိုးရေးတွင် ငမြှောင်တောင်အား ကာကွယ်နှိမ်နင်းပါ၊ ငမြှောင်တောင်သည် နွားစားထားသကဲ့သို့ ငုတ်တို ရိုးပြတ်များ ဖြစ်အောင်ဆိုးဝါးစွာ ဖျက်ဆီးသည်။ အပင်ကြီးမှာကျလျှင် ဥမြုံတစ်ခုမှ ပေါက်သည့် လောက်ကောင်ငယ် (၁၀၀-၃၀၀) သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍ စားသောက်သည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ-
- မျိုးရင်းမတူညီသော သီးနှံများဖြင့်သီးလှည့်စိုက်ပေးပါ။
- ပိုးများ ခိုအောင်းရာ ပေါင်းမြက်များရှင်းလင်းခြင်း၊
- ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊
- ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားခြင်း၊
- Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb ကဲ့သို့သော အဆိပ်ရှိပိုးသတ်ဆေးများကို ၁၅ ရက်ခြားတစ်ကြိမ် ပက်ဖြန်းပေးပါ၊
ငါးကန်များတွင် ပျော်ဝင်အောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ထိန်းထားရန်
ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
(3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။
--------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း