သကြားစျေး ကျဆင်းနေ၍ ကြံစျေးပါ လျော့ချဝယ်ယူ
လက်ရှိ ပြည်တွင်း အသုံးပြုမှု နည်းနေပြီး နိုင်ငံတကာစျေး ကျဆင်းနေသဖြင့် ပြည်တွင်းစျေးပါ လိုက်လံကျဆင်းနေခြင်း ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
“နိုင်ငံတကာစျေး ကျနေလို့ ပြည်တွင်းစျေးလည်း ကျနေတာပါ။ အရင်နှစ်တွေမှာ ဒီလိုကာလရောက်ရင် စျေးတွေ ပြန်တက်နေကျ ဖြစ်ပေမယ့် ဒီနှစ်ကတော့ စျေးကျနေပါတယ်။ ကြံကြိတ်ရာသီ ရောက်တော့မယ်ဆိုတော့ ကြံစျေးကို စျေးတိုးဝယ်မယ်လို့ မထင်ပါဘူး။ စောင့်ကြည့်ရမယ့် အနေအထားပါ” ဟု သကြားကုန်သည်တစ်ဦးက ပြောသည်။
သကြားစျေးမှာ ပြီးခဲ့သည့်လအတွင်း တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ကျော်မှ ၅,၀၀၀ နီးပါးအထိ ရှိခဲ့ပြီး လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ကျော်သာ ပေါက်စျေးရှိတော့ကြောင်း သိရပါသည်။
ထို့ကြောင့် ယခင် ၂၀၂၄–၂၀၂၅ ခုနှစ် ကြံကြိတ်ရာသီတွင် ကြံတစ်တန်လျှင် စက်ရုံအရောက်စျေး ကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ပေးခဲ့ကြပြီး ယခု ၂၀၂၅–၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီတွင်တော့ တစ်တန်လျှင် စက်ရုံအရောက်စျေး ကျပ် ၁၇၀,၀၀၀ သာ ပေးမည်ဟု အချို့ သကြားစက်ရုံများက ကြော်ငြာထားကြောင်းလည်း ကြံစိုက်တောင်သူများထံမှ သိရပါသည်။
“အခု ကြံစျေးကို ကျပ် ၁၇၀,၀၀၀ အထိပေးမယ်လို့ ကြားထားပါတယ်။ အဲ့ဒါက စက်ရုံအရောက်စျေးပါ။ စက်ရုံအထိ ကိုယ်တိုင် သွားပေးရတာဖြစ်လို့ လမ်းစရိတ်၊ အလုပ်သမားခ စတာတွေ ထည့်တွက်ရင် တောင်သူတွေအတွက် အပြည့်အဝ ရတဲ့စျေးလို့ ပြောလို့မရပါဘူး။ တောင်သူတွေက အရှုံးဘက်ကို ရောက်နေတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ သကြားစျေးကောင်းတဲ့အတွက် တစ်တန်ကို ကျပ် ၂၀၀,၀၀၀ အထိ ရခဲ့သူတွေလည်း ရှိပါတယ်။ ဒီနှစ်က ဘယ်လိုဖြစ်လာမလဲ မသိသေးပါဘူး” ဟု ရှမ်းပြည်နယ် ရွှေညောင်မြို့မှ ကြံစိုက်တောင်သူတစ်ဦးက ပြောပါသည်။
ပြီးခဲ့သည့်နှစ်များတွင် သကြားစျေးကောင်းရခဲ့သည့်အတွက် ကြံကို တိုးချဲ့စိုက်ပျိုးလာကြကြောင်းလည်း ကြံစိုက်တောင်သူများထံမှ သိရပါသည်။
လက်ရှိတွင် သကြားကို ပြည်တွင်းအသုံးပြုမှု လျော့ကျနေသဖြင့် လက်ကျန်ပမာဏများနေပြီး ပြည်ပဝယ်လက်နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှလည်း သိရပါသည်။
ပြီးခဲ့သည့်နှစ်တွင် ပြည်ပသို့ တန်ချိန် တစ်သိန်း သုံးသောင်းခန့်အထိ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ထက် မလျော့သော နှုန်းထားဖြင့် ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ကြံကြိတ်ရာသီမှာ နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလအစပိုင်းအထိ ဖြစ်ပြီး လက်ရှိတွင် အချို့ သကြားစက်ရုံများ ကြံကြိတ်ဝါးတော့မည်ဖြစ်ကြောင်း သိရပါသည်။
ပြည်တွင်းတွင် နှစ်စဉ် သကြားတန်ချိန် ငါးသိန်းဝန်းကျင်အထိ ထွက်ရှိပြီး ဗီယက်နမ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကာ စျေးကောင်းပေးကြောင်းလည်း သကြားလုပ်ငန်းရှင်များထံမှ သိရပါသည်။
ဖိုးချဲ (AMIA)
---------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း