ရန်ကုန်တိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် မှ ဇန်ဝါရီလ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ
ထူးခြားသည့်အခြေအနေများ
· ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးလအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်လာတဲ့ မုန်တိုင်းငယ် (Deep Depression – DD) သည် - ဆိုင်ကလုန်းမုန်တိုင်းကြီးအဆင့်ထိမရောက်ဘဲ ပြီးဆုံးသွားသည့်နောက် ၂၀၂၆ ခုနှစ် ၃ လပိုင်း ကုန်ဆုံးသည်အထိ ကုန်းတွင်းအပူချိန်၊ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုစိုထိုင်းဆများကျဆင်းပြီး လေထုဖိအားမြင့်တက်လာခြင်းတို့ကြောင့် လေပွေလှိုင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ရန်မရှိတော့ပါ။
အပူချိန်
· အမြင့်ပေ ၁၈၀၀၀ (FL180) မှ အားကောင်းသောအနောက်လေစီးကြောင်းနှင့် ထိုအမြင့်မှ အနှုတ် ၈°C ရှိသည့်အပူချိန်သည် မြန်မာနိုင်ငံဒေသအားလုံးကို အအေးဓါတ်များပိုမိုလွှမ်းခြုံရရှိစေတာတွေ့ရပါတယ်။ Split-Type Air-condition ရဲ့ Indoor unit က အခန်းအမြင့်ပိုင်းတနေရာမှာတပ်ဆင်ထားတဲ့အခါ အအေးဓါတ်တွေက အောက်ကိုတဖြည်းဖြည်းကျလာရင်း တခန်းလုံးအေးလာသည့်ဖြစ်စဉ်နှင့်သဏ္ဍန်တူပါတယ်။
Meteoblue Seasonal Forecast – (Temperatures 2m Anomaly)
· ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလတွေမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၁°C ခန့်လျော့နည်းနိုင်ပြီး ကျန်ပြည်နယ်တိုင်းအားလုံးမှာ နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၂°C မှ ၁°C အထိလျော့နည်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်၊
· မတ်လ အတွင်းမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ဖြစ်မြဲအပူချိန်ခန့်နှင့် ဖြစ်မြဲအပူချိန်အထက် ၀.၁°C မှ ၀.၈°C အထိပိုနိုင်ကာ၊ ကျန်ပြည်နယ်တိုင်းတွေမှာ ဖြစ်မြဲခန့်သာရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။
· ၂၀၂၆ခုနှစ် နှစ်အစပိုင်း ၄ လ ခန့်အထိ အအေးဓါတ်ဆက်လက်လွှမ်းခြုံနေနိုင်ပြီး၊ ၅ လပိုင်းအထိ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေရဲ့ အနိမ့်ဆုံးအပူချိန်တွေ(ညနှင့် နံနက်အစောပိုင်းအပူချိန်များ)အနေနဲ့ နှစ်စဉ်ဖြစ်မြဲအောက် ၀.၂°C မှ ၀.၅°C အထိလျော့နည်းနေနိုင်၊ အေးနေနိုင်ပါတယ်။
· ပြည်နယ်တိုင်းများ၏ အမြင့်ဆုံးပျမ်းမျှအပူချိန်များအနေနှင့် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလအတွင်း ၃၁°C မှ ၃၅°C နှင့် မတ်လ ၊ ဧပြီလတွေမှာ ၃၆°C မှ ၃၉°C အထိ ရှိနိုင်ပါမယ်။ မေလအတွင်းမှာ တိမ်ဖြစ်ထွန်းမှုပိုမိုလာနိုင်ကာ မိုးကျပြီးတဲ့နောက် အမြင့်ဆုံးနေ့အပူချိန်များ ၃၅°C ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာနိုင်ပါတယ်။
ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းတွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
· ယခုတပတ်အတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး တိမ်ကင်းစင်သောရက် ပိုမိုများနိုင်ပါတယ်၊ မိုးရွာရန်မရှိပါ။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း - ရန်ကုန်တိုင်းတောင်ပိုင်းဒေသများဖြစ်သည့် သံလျှင်၊ ကျောက်တန်း၊ ဝါးဘလောက်သောက်၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်များတွင် အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါမယ်။
· ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်တဲ့ ဗိုလ်တထောင်၊ ကျောက်တံတား၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ တာမွေ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်မြို့နယ်များ မှာ အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနေပြီး ဆောင်းရာသီရဲ့ အအေးဓါတ်ဆက်လက်ရရှိနေပါဦးမယ်။
· ရန်ကုန်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာလည်း အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနေနိုင်ပါတယ်။
· ရန်ကုန်တိုင်းမြောက်ပိုင်းအစွန်က တိုက်ကြီး၊ မှော်ဘီ၊ ဖေါင်ကြီး၊ လှည်းကူး စတဲ့ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပြီး ရန်ကုန်တိုင်းတခုလုံးအနေနဲ့ ယခု ၁ ပါတ်အတွင်းမှာ နေ့အပူချိန် ၃၀°C - ၃၁°C ဝန်းကျင်နဲ့ အနိမ့်ဆုံးအပူချိန် ၁၇°C -၁၈°C ရှိနေနိုင်ပြီး ဆက်၍ အေးနေပါဦးမယ်။
· ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်းက 190 အထိ မြင့်တက်နေတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ သတိထားရမည့် level ဖြစ်ပါတယ်။
· ရန်ကုန်တိုင်းရဲ့ လေထုစိုထိုင်းဆအခြေအနေသည် နေ့လည်ပိုင်းအချိန်များမှာ ၃၀% မှ ၄၀% ဝန်းကျင်ရှိနေပြီး၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၇၀% မှ ၈၀% အတွင်းမှာ ရှိနိုင်ပါတယ်။
· ရန်ကုန်မြောက်ပိုင်းမြို့နယ်များအနက် မြစ်ချောင်းများနှင့် ဆည်ရေသောက်ဧရိယာများမှာ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၉% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၂၀% ရှိနေပါမယ်။ ရန်ကုန်တိုင်းတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းအနီးမှ မြို့နယ်များမှာတော့ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃၅% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၅၉% ရှိနေပါမယ်။
Win Naing
Administration Team,
MMWEATHER,
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများထံသို့
အပင်ဟုန်သက်သာ၍ အသီးအပွင့်များစေရန်အကြံပြုချက်
- ရန်ကုန်တိုင်း၊ ခရမ်းသုံးခွမှတောင်သူများမေးမြန်းလာချက်အရ ပဲတီစိမ်းအပင်ဟုန်၍ အသီးအပွင့်မတင်တာမျိုးကြုံတွေ့နေရပါက
- နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးများကို အလွန်အကျွံအသုံးပြုခြင်းရှောင်ပါ။
- ပြီးနောက် ဖော့စ်ဖရပ်စ်(P)+ ပိုတက်စီယမ် (K) အချိုးအဓိကပါတဲ့ရွက်ဖျန်းအားဆေး+ Mepiquat chloride ကို အဓိကရွေးချယ်အသုံးပြုပေးပါ။
ငါးကြင်းမွေးသူများ သတိပြုရန်အချက်များ
ငါးမွေးတောင်သူအများစုသည် ငါးကြင်းအုပ်စုဝင် ငါးများကို မွေးမြူကြသည်ကများပါသည်။ ငါးကြင်းအုပ်စုဝင် ငါးများသည် အပူပိုင်းဒေသငါးမျိုးဖြစ်ပြီး ၊ ကန်ရေအပူချိန် လုံလောက်စွာရရှိစေရန်လိုအပ်ပါသည်။
ငါးမွေးမြူရေး ပညာရပ်တွင် ငါးမွေးကန်၏ ကန်ရေအပူချိန်သည် ပုံမှန်အားဖြင့် 25 °C မှ 32 °C အတွင်းရှိရမည်ဟု အဆိုပြုထားပါသည်။ ထို့အတူ မွေးမြူသောငါးများသည် အပူချိန်ကောင်းလျှင် အစာစားနှုန်းကောင်းသည်ဟု သတ် မှတ်ထားပါသည်။ အပူချိန်ကောင်းသည် ဆိုရာတွင် (စံ) သတ်မှတ်ထားသော 32 °C ထက် မကျော်စေရန် သတိပြု ရပါမည်။
အစာကျွေးရာတွင် နေ့လည်ပိုင်းအပူချိန်ရချိန်တွင်သာ အစာကျွေးသင့်ပါသည်။
ညအချိန် အပူချိန်အလွန်နိမ့်သဖြင့် ကန်အတွင်း အောက်ဆီဂျင်ပြတ်သော လက္ခဏာများ ကြုံရတတ်သည်။ ကန်ကြပ်မွေးတတ်သော ကန်များတွင် အထူးသတိထားရမည်။ ရေလှုပ်ရှားပေးရန် လိုအပ်သည်။
---------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း